တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကျည်ဆံတွေကြားက မိခင်တို့ရဲ့နှလုံးသား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရေးသားသူ - ရိုးလှသန္တာ

တစ်မြို့လုံးအနှံ့က လူတွေအပြေးအလွှားနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်။ အထုပ်အပိုးတွေကိုယ်စီနဲ့ အော်ဟစ် ပြေးလွှားပြီးတော့ မိသားစုလိုက်အုပ်စုဖွဲ့လို့ ပြေးသူကပြေး၊ ဆိုင်ကယ်တွေ၊ ကားတွေပေါ်မှာ စုပြုံပြီး လိုက်သူကလိုက်နဲ့ မြို့ကထွက်ခွာဖို့လုပ်နေကြတာပါ။ သူတို့ထွက်ဖို့ကြိုးစားနေတဲ့ မြို့ကတော့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပဲဖြစ်ပါတယ်။

အဲဒီနေ့ နိုဝင်ဘာလ ၁၅ ရက် ညမတိုင်ခင် ပေါက်တောမြို့ပေါ်က ဒေသခံတွေဟာ ကိုယ့်အလုပ်ကိုလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ သူတို့ရဲ့ဘဝတွေကို လည်ပတ်နေခဲ့ကြတာပါ။ ရခိုင်တိုက်ပွဲကာလတွေအတွင်း ကျည်ဖောက်သံ တချက်မှမကြားခဲ့ကြရတဲ့ ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၅ ရက် ညက မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပါတယ်။ နောက်တစ်နေ့ နိုဝင်ဘာလ ၁၆ ရက် မနက်က စစ်လေယာဉ်နဲ့ လာပစ်ခတ်တာကို ခံရခဲ့ပြီး သေနတ်သံတွေ၊ ပြည်သူတွေ ကြောက်ရွှံ့အော်ဟစ်သံတွေနဲ့ ဆူညံ ပွက်လောရိုက်နေခဲ့ပါတယ်။

အဲဒီစစ်လေယာဉ် ဗုံးကြဲပြီး ပေါက်တောမြို့ကနေ ပျံသန်းထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာဘဲ ပေါက်တောမြို့ကနေ လူတွေ ရှောင်ပြေးကြပြီဆိုတဲ့ သတင်းစကားဟာ မြို့ခံလူထုအကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြို့ခံ ကလေးသူငယ်၊ သက်ကြီးရွယ်အို အရွယ်မရွေး အစရှိသူတွေဟာ အထုပ်အပိုးတွေကိုယ်စီနဲ့ လမ်းပေါင်းစုံကနေ  မြို့ကိုစွန့်ခွာပြီး လုံခြုံတဲ့ နေရာတွေဆီကို ဦးတည်ထွက်ခွာလာခဲ့ကြပါတယ်။

ဒီလိုထွက်ခွာလာကြသူတွေအထဲမှာ အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် မိခင်လောင်း မခင်ဝိုင်းတို့မိသားစုလည်း ပါပါတယ်။

မခင်ဝိုင်းမှာ ရှစ်လကိုယ်ဝန်ကို လွယ်ထားရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးတော့ လေးနှစ်အရွယ် သမီးတစ်ဦးနဲ့ ရှစ်နှစ်အရွယ် သားတစ်ဦးလည်းရှိပါတယ်။ သူမရဲ့ယောက်ျားကတော့ ပေါက်တောမြို့ပေါ်မှာ ဒေသအခေါ် ဘေးတွဲ ဆိုင်ကယ်ကို မောင်းနှင်ပြီး မိသားစုကို လုပ်ကျွေးနေသူ ဖြစ်ပါတယ်။ ပေါက်တောမြို့က မဝိုင်းတို့မိသားစု ထွက်ပြေးလာတဲ့ နေ့မှာ သူမရဲ့အဖေ၊ အမေ မောင်နှမတွေနဲ့လည်း တကွဲတပြားဖြစ်သွားပြီးတော့ လင်ယောကျ်ားရဲ့ ဘေးတွဲဆိုင်ကယ်ပေါ်မှာ မိသားစုလေးယောက် လိုက်ပါကာ ကားလမ်းပေါက်တဲ့ အတိုင်း ပေါက်တောမြို့မှ ထွက်ခွာလာကြတယ်လို့ မခင်ဝိုင်းကပြောပါတယ်။

"စစချင်းဖြစ်တုန်းက ကျမတို့ကထွက်မပြေးကြသေးဘူး။ ဒါပေမယ့် ကျမအမေက နင့်ကိုယ်ဝန်ကြီးနဲ့ လုံခြုံတဲ့ နေရာကိုသွားရင်ကောင်းမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ခနလေးပဲ ကြာတယ်။ ကျမသမီးအတွက် မုန့်ထွက်ဝယ်ပေးတော့ မြို့မှာလူတစ်ယောက်မှ မရှိတော့ဘူး။ ဒီလိုဆိုတော့ ကျမတို့လည်း ပြေးကြရတော့မယ်ဆိုပြီး အလောတကြီးနဲ့ ထွက်ခွာလာခဲ့ရတာပါ။ ဘာမှလည်း မယူလာခဲ့ရဘူး" လို့ သူတို့ထွက်ပြေးလာကြရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

 


သူတို့ထွက်ပြေးလာရတဲ့လမ်းတစ်လျှောက်ကတော့ ထင်သလို မချောမွေ့နေခဲ့ပါ။ ကားလမ်းဆိုပေမယ့် နယ်ဘက်တွေမှာကတော့ လမ်းတွေက ချိုင့်တွေ၊ ကျောက်တွေနဲ့ ကြမ်းတမ်းတာကြောင့် ထွက်ပြေးလာခဲ့ရတဲ့ လမ်းတစ်လျှောက်မှာ သူမရဲ့ရင်သွေးကိုလွယ်ထားရတဲ့ ဗိုက်ဟာ တအောင့်အောင့်နဲ့ နာနေခဲ့တယ်လို့ သူမက ပြောပါတယ်။ ဒါကြောင့် သူမရဲ့ရင်သွေးအန္တရာယ်ဖြစ်မှာ စိုးလို့ ဘေးတွဲ ဆိုင်ကယ်ပေါ်ကဆင်းပြီး လမ်းဆင်းလျှောက်ခဲ့တယ်လို့ မခင်ဝိုင်းကပြောပြပါတယ်။


"လေယာဉ်နဲ့လာပစ်တုန်းက တစ်ကြိမ် အိမ်အောက်မှာဝင်ပုန်းတုန်းကလည်း သစ်သားတိုင်က ဗိုက်ကိုထိသွားတော့ နာနေပြီ။ ထွက်ပြေးတော့လည်း လမ်းကတအားကြမ်းတယ်။ လမ်းကြမ်းပြီးဆောင့်တော့ နာတာ မခံစားနိုင်ဘူး။ အထဲက ကလေးအတွက်လည်း အရမ်းစိုးရိမ်သွားတယ်။ ဒါကြောင့်နဲ့လမ်းတပိုင်းမှာ လမ်းဆင်းလျှောက်ပြီးသွားခဲ့ရတယ်" လို့ပြောပါတယ်။


ဒီလိုနဲ့သူလမ်းဆင်းလျှောက်နေတာကို သားနှင့်သမီးကကြည့်ပြီး သူတို့လည်း အမေနဲ့အတူ လမ်းဆင်းလျှောက်ချင်တယ်လို့ ပြောပြီး အမေကိုတွဲကူ လမ်းဆင်းလျှောက်ပေးခဲ့ကြတယ်လို့ သူမက ပီတိအပြုံးတွေနဲ့ ပြောပြပါတယ်။


"ကျမရင်တွေ ကွဲမတတ်ပဲ။ သားနဲ့သမီးက ဒီလိုသိတတ်ပေးမယ်လို့မထင်ခဲ့ဘူး။ သူတို့တွေက ကျမရှေ့အဆက်ရှင်ဖို့ အတွက် ခွန်အားတွေလည်းဖြစ်ပါတယ်" လို့ သူကပြောပါတယ်။




မခင်ဝိုင်းတို့မိသားစု ပေါက်တောမြို့မှထွက်ပြေးလာတဲ့ လမ်းပိုင်းမှာ ရှိနေစဉ် အချိန်အတွင်းမှာဘဲ  ပေါက်တော မြို့ပေါ်ကို စစ်ကောင်စီကနေ လက်နက်ကြီးတွေ၊ စစ်လေယာဉ်တွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေကို ကြားနေရပြီး တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေအကြားမှာ ပိတ်မိကာ လက်နက်ကျည်ဆံတွေထိပြီး အသက် ထိခိုက်သေဆုံးရမှာကိုလည်း  ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေခဲ့ကြရတယ်လို့ သူမက ပြောပါသေးတယ်။


ပေါက်တောမြို့ကနေ တစ်နာရီခွဲကျော်ခန့်အကြာ ခရီးနှင်ပြီးတဲ့ အချိန်မှာတော့ သူမတို့မိသားစုဟာ ဘေးလွတ်နိုင်တဲ့ ကျေးရွာတစ်ရွာကို ရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမယ့် ဘေးလွတ်ရာနေရာကိုရောက်တာက နာရီဝက်မျှမကြာပါဘူး။ သူမတို့ရောက်နေတဲ့ ကျေးရွာနားအထိ လက်နက်ကြီးပစ်ခတ်သံတွေဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်လို့ လာခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရွာမှာလည်း နေဖို့က ဘေးမကင်းနိုင်တော့ဘူးဆိုပြီး နောက်ထပ်တစ်ရွာကို ခရီးဆက်ဖို့ ဖြစ်လာခဲ့ကြရတယ်လို့ ဆိုပါတယ်။


သူတို့မိသားစုနဲ့အတူ အခြားသက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ၊ မိန်းမ၊ ယောကျ်ားတွေဟာ လက်နက်ကြီး ပစ်သံတွေကြားက လယ်ကွင်းအလီလီကိုဖြတ်ကျော်ရင်း မြစ်ချောင်းတွေကို စက်တပ် လှေကလေးတွေနဲ့  လိုင်းလေထန်တဲ့ကြားက ဖြတ်ကူးရင်း အသက်လု ထွက်ပြေးလာခဲ့ကြရပါတယ်။


သူတို့မိသားစုနဲ့ ပေါက်တောမြို့က စစ်ဘေးရှောင်တွေ နေ့လယ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးလာကြရာမှာ ညနေ ၅ နာရီ အရောက်မှာတော့ နေရောင်ကွယ်လို့  တစ်ယောက်နဲ့ တစ်ယောက် ဘေးချင်းကပ်နေတာတောင်  မမြင်ရလောက်အောင် အထိကို အမှောင်ရိပ်က ဝါးမျိုသွားခဲ့ပါတယ်။ ဒါပေမယ့် လမ်းတွေကို ဖြတ်လျှောက်ရင်း အခက်အခဲအသွယ်သွယ်ကို ဖြတ်ကျော်ခဲ့ပြီးတဲ့ နောက်မှာတော့ တိုက်ပွဲတွေနဲ့ တော်တော်အလှမ်းဝေးတဲ့ လုံခြုံမယ့် ကျေးရွာတစ်ခုကို သူမတို့မိသားစု ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။



လုံခြုံမယ့်နေရာကို သူတို့မိသားစုရောက်ခဲ့ပေမယ့် တစ်နေ့လုပ်တစ်နေ့စားတွေဖြစ်တဲ့ သူတို့အတွက် ငွေ၊ အဝတ်အစားနဲ့ ရိက္ခာတွေဟာ မပါလာသလောက်မို့ သား၊ သမီးတွေနဲ့ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်လို့ မခင်ဝိုင်းက ပြောပါတယ်။


အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းမှာ သူတို့ကိုနေရာချထားပေးပြီး ကျွေးမွေးပေးထားခဲ့တာကြောင့် စားဝတ်နေရေးအတွက် များစွာမပူပန်ခဲ့ရပေမယ့် ကိုယ်ဝန်ဆောင်ဖြစ်တဲ့ မခင်ဝိုင်းအတွက်တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူနိုင်ဖြစ်နေတာမို့ ဗိုက်ထဲက ကလေးအတွက် သူမအနေနဲ့ စိတ်ပူပန်နေခဲ့ရပါတယ်။


လအရင့်အမာကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တဲ့ မခင်ဝိုင်းအနေနဲ့တော့ သူ့ကလေးမွေးဖွားမယ့်အချိန်မှာ တိုက်ပွဲတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ သေချာမမွေးဖွားနိုင်မယ့် အရေးအပြင် လက်နက်ကြီးများ ပစ်ခတ်နေတဲ့ကြားက ဆေးရုံ၊ ဆေးခန်းတွင် မွေးဖွားဖို့သွားတဲ့အချိန်မှာလည်း အန္တရာယ်နဲ့ကြုံမယ့် အရေးကို တွေးတောကာ ရတတ် မအေးဖြစ်နေတယ်လို့ ဆိုပါတယ်။


"တကယ်လို့မွေးဖို့သွားတဲ့လမ်းမှာ လက်နက်တွေကျလို့ တခုခုဖြစ်သွားရင်တောင် ကျမထက်ကလေးတွေကို အရင် ကယ်ပေးစေချင်တယ်။ အခုထိ ဒီရွာကိုရောက်နေပေမယ့် ကျမကြောက်နေသေးတယ်။ ဖြစ်နိုင်ရင် သားတွေ သမီးတွေနဲ့ အတူတူလုံလုံခြုံခြုံရှိနေချင်တယ်" လို့ သူကပြောပါတယ်။


ရခိုင်မှာ တိုက်ပွဲတွေပြန်လည်စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်ကစလို့ စစ်ကောင်စီက ရခိုင် တစ်ပြည်လုံးက ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့လိုက်ပြီး အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အတွက် သေဆုံး၊ ဒဏ်ရာရကြတဲ့ ဒေသခံအရေအတွက်ဟာလည်း တစ်နေ့ထက် တစ်နေ့ပိုများလာနေပါတယ်။


အဲဒီအထဲက  ကိုယ်ဝန်ဆောင်မိခင်တချို့မှာ စစ်ဘေးရှောင်ရင်း ရောက်နေကြတဲ့ နေရာတွေမှာ ဖြစ်သလို မီးဖွားခဲ့ရတာတွေရှိသလို ကံမကောင်းစွာနဲ့  မွေးဖွားမှုမအောင်မြင်ခဲ့လို့  မိခင်နဲ့ ကလေးပါ သေဆုံးရတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတစ်ခုလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့ပါသေးတယ်။


ဒီဇင်ဘာလ ၉ ရက်၊ မနက်ပိုင်းမှာ ပေါက်တောမြို့နယ်ကနေ မြောက်ဦးမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ စစ်ဘေးရှောင်ရင်း စက်လှေပေါ်မှာ မီးဖွားခဲ့ရပြီး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။



 

ခုလို သတင်းတွေကို ဆိုရှယ်မီဒီယာတွေက တစ်ဆင့် ကြားရတော့ အရပ်လက်သည်တွေနဲ့ မွေးဖွားဖို့ စိုးရိမ်သလို တစ်ခြားတစ်ဖက်မှာလည်း စစ်ပွဲတွေကကြားက ပြေးရင်းလွှားရင်းနဲ့ အောင်မြင်စွာ မွေးဖွားနိုင်သူတွေ သတင်းတွေကိုကြားရတော့ မခင်ဝိုင်းအနေနဲ့ အားတက်မိတယ်လို့ဆိုပါတယ်။

 

“ ကိုယ်ဝန်ဆောင်တွေကလေးမမွေးဖွားနိုင်လို့ သေဆုံးတဲ့ သတင်းတွေကြားရတော့ ကျမအနေနဲ့ ကိုယ့်ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ဒါပေမယ့် တချို့ အမျိုးသမီးတွေ အောင်မြင်စွာ မွေးဖွားနိုင်တယ်ဆိုတဲ့ သတင်းတွေကို ကြားရတော့ အားတက်မိတယ်။ လူဆိုတာက တစ်ယောက်ကံကြမ္မာနဲ့ တစ်ယောက် မတူနိုင်ဘူးလေ။ ဒီလောက်ကြမ်းတမ်းတဲ့ ခရီးကြမ်းကို ကျော်ဖြတ်လာပြီးမှ ကျမလည်း ကိုယ့်ခလေးကို အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့တော့ ကျမ ယုံကြည်ထားတယ်” လို့ မခင်ဝိုင်းကယုံကြည်ချက်အပြည့်နဲ့ ပြောဆိုပါတယ်။

 

ဘ၀ဆိုတာကလည်း တိုက်ပွဲတစ်ခုလို သဘောထားပြီး ဖြစ်လာတဲ့ ကံကြမ္မာအပေါ် ဝမ်းနည်းနေမယ့်အစား ကြံ့ကြံ့ခံရပ်တည်ဖို့   မခင်ဝိုင်းတစ်ယောက် ဆုံးဖြတ်ထားပုံရပါတယ်။


“ဒီလို အခြေအနေမျိုးဖြစ်လာလိမ့်မယ်လို့ ကျမက ဘယ်တော့မှ တွေးမထားခဲ့ဘူး။ အခုတော့ ကိုယ်ဝန် အရင့်အမာနဲ့ ထွက်ပြေးရတယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်ရပါတယ်။ မွေးဖွားမယ့် ကလေးအတွက်ရော၊ မိသားစု အနာဂတ်အတွက်ရော။ ဒါပေမယ့် မဖြစ်ချင်တာတွေ ဖြစ်လာပေမယ့် လက်လျော့အရှုံးပေးလို့တော့မရဘူး။ ကျမဒီကလေးကို စစ်ပြေးရှောင်ရင်း ရအောင်မွေးပါမယ်” သူမက ပြောဆိုပါတယ်။

 

အိုးတွေ အိမ်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လက်ရှိမှာ စွန့်လွတ်ပြီး ထွက်ပြေးခဲ့ပေမယ့်  မိသားစုတွေနဲ့ အခုအချိန်ထိ ဥမကွဲ သိုက်မပျက် အတူနေရတာကလည်း  အရာအားလုံးထက် အရေးကြီးဆုံး ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဒါ့ပြင် မကြာခင်ကာလမှာ သားဖွားဆရာမတစ်ဦးဦးနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ သူမကဆိုပါတယ်။ စစ်ရှောင်တွေအကြားမှာ သားဖွားဆရာမတွေလည်း ပါလာနိုင်တာမို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ဆက်သွယ် ဆောင်ရွက်ပေးကြဖို့ကိုလည်း သူမက မေတ္တာရပ်ခံပါတယ်။

 

“ ဒီတိုက်ပွဲတွေပြီးရင်တော့ အိမ်ကို ကောင်းမွန်စွာပြန်ရဖို့ မျှော်လင့်ပါတယ်။ အခုလို ဒုက္ခဖြစ်တော့ ဆင်းရဲပေမယ့် ကိုယ့်အိမ်လေးမှာ မိသားစုနဲ့ အေးအေးဆေးဆေး နေခဲ့တဲ့ အချိန်က လွမ်းစရာပါပဲ။  အိမ်နဲ့ ဝေးမှ အိမ်ရဲ့တန်ဖိုး၊ မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေကို ဒီအချိန်မှာ ပိုအရေးပါတာသိလာခဲ့ပြီ"လို့လည်း သူမကဆိုပါတယ်။

 

ဒီလိုမျိုးတိုက်ပွဲတွေကြားထဲက လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေရဲ့ကြားမှာ စစ်ဘေးရှောင်ရင်း မိမိရဲ့ ရင်သွေးငယ်ကို ကောင်းမွန်စွာ မွေဖွားနိုင်ဖို့ ခိုင်ခိုင်မာမာ သံဓိဌာန် ချထားတာတွေဟာ မခင်ဝိုင်းတို့လို ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့  မွန်မြတ်တဲ့ နှလုံးသားဘဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ကျည်ဆံတွေကြားထဲက မိခင်လောင်းတို့ရဲ့ မွန်မြတ်တဲ့ နှလုံးသားပင် မဟုတ်ပါလား...... ။

ဆက်စပ် သတင်းများ