အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

လာမည့်အပတ် ထိုင်းလွှတ်တော်မဲပေးပွဲတွင်ထပ်မံရှုံးနိမ့်ပါက ဝန်ကြီးချုပ်နေရာမှ နောက်ဆုတ်ပေးမည်ဟု ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ပိတပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 726

ထိုင်းဝန်ကြီးချုပ်အဖြစ် အများကမျှော်လင့်နေသော ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတက လာမည့်အပတ် လွှတ်တော်မဲပေးမှုတွင် ထပ်မံရှုံးနိမ့်ခဲ့ပါက ဝန်ကြီးချုပ်လောင်းနေရာမှ နောက်ဆုတ်ပေးသွားမည်ဟု စနေနေ့က ပြောကြားလိုက်သည်။

ပီတသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်သည့် ဝန်ကြီးချုပ်နေရာ လွှတ်တော်မဲပေးပွဲတွင် စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ်များ၏ ကန့်ကွက်မှု နှင့် မဲမပေးဘဲနေခဲ့မှုကြောင့် ရှုံးနိမ့်သွားခဲ့သည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်နှစ်ရပ်၏ ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်မှုကို ဒုတိယအကြိမ်ထပ်မံပြုလုပ်မည်ဖြစ်သည်။ ထိုမဲပေးပွဲတွင် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းထားသည့် ပီတ ထပ်မံရှုံးနိမ့်ဦးမည်ဆိုပါက ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ ၄င်းအစား ဒုတိယအများဆုံးအနိုင်ရခဲ့သည့် ဖွေ့ထိုင်းပါတီမှ ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံပေးသွားမည်ဟု ဆိုသည်။

“ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်မှု မရခဲ့တဲ့အတွက် တောင်းပန်ချင်ပါတယ်။ ညွန့်ပေါင်းအစိုးရတစ်ခုအနေနဲ့ ဒုတိယမဲအများဆုံးရတဲ့ ပါတီကို ထိုင်းနိုင်ငံအတွက် အခွင့်အရေးပေးဖို့ ကျွန်တော် အသင့်ရှိနေပါတယ်” ဟု ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားသော ဗီဒီယိုမိန့်ခွန်းတွင် ပီတက ပြောကြားခဲ့သည်။

ပထမအကြိမ် ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်မဲပေးမှုတွင် ပီတသည် လိုအပ်သော မဲအရေအတွက် ၃၇၅ ရရှိရန် ၅၁ မဲ လိုအပ်ခဲ့သည်။

အထက်လွှတ်တော်အမတ် ၂၄၉ ဦးအနက် ၁၈ ဦးသာ ပီတအား ထောက်ခံမဲပေးခဲ့ပြီး ကျန်အမတ်များက ကန့်ကွက်မဲ နှင့် ကြားနေမဲသာပေးခဲ့ကြသည်။

စစ်ဗိုလ်ချုပ် ပရာရွတ်က ခန့်အပ်ထားသည့် အထက်လွှတ်တော်အမတ်များက Move Forward ပါတီ၏ “တော်ဝင်အသရေဖျက်မှုဥပဒေ” အား ပြင်ဆင်လိုသည့် မူဝါဒကို နှစ်သက်ခြင်း မရှိကြပေ။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!