စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

အမေရိကန်အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှားအာကာသယာဉ်မှူး နှစ်ဦးတို့ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 812

နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ်တွင် တစ်နှစ်ကျော်ကြာ နေထိုင်ပြီးနောက် အမေရိကန်အာကာသယာဉ်မှူး တစ်ဦးနှင့် ရုရှားအာကာသယာဉ်မှူး နှစ်ဦးတို့ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်

 

နိုင်ငံတကာ အာကာသစခန်းယာဉ် ( ISS) ပေါ်တွင် တစ်နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အမေရိကန် အာကာသယာဉ်မှူးတစ်ဦး နှင့် ရုရှားအာကာသယာဉ်မှူး နှစ်ဦးတို့ လိုက်ပါလာသည့် ဆိုယုဇ် MS-23 Capsule သည် ဗုဒ္ဓဟူးနေ့က ကာဇက်စတန် မြက်ခင်းပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

အမေရိကန် အာကာသယာဉ်မှူး ဖရန့် ရူဘီယိုမှာ အာကာသပေါ်တွင် ရက်အရှည်ကြာဆုံး နေထိုင်သည့် အမေရိကန်တစ်ဦးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။ ကမ္ဘာမြေဆင်း Soyuz MS-23 capsule သည် အိုင်အက်စ်အက်စ် စခန်းမှ သတ်မှတ်ချိန်ထက် တစ်မိနစ်စော၍ ထွက်ခွါလာခဲ့ပြီး သုံးနာရီခွဲကြာ ခရီးနှင်ခဲ့ရကာ (ဇေကာဂန်) Zhezqazghan မြို့ အရှေ့တောင်ဘက် မြက်ခင်းပေါ် ဆင်းသက်ခဲ့သည်။

အမေရိကန်အာကာသယာဉ်မှူး ရူဘီယို(၄၇နှစ်) နှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာသူ ရုရှားအာကာသယာဉ်မှူ နှစ်ဦးမှာ ဆာဂေး ပရိုကော့ယက်ဗ်(၄၈နှစ်) နှင့် ဒီမီထရီ ပီတီလင်း(၄၀နှစ်) တို့ဖြစ်ကြသည်။


မိတ်ဆွေ ရုရှား အာကာသယာဉ်မှူးများနှင့် နေထိုင်ရသည့်အခြေအနေများကို မေးမြန်းကြည့်ရာ ရူဘီယိုက “ အင်မတန် ကောင်းပါတယ်။ အားလုံး တကယ် အလုပ်လုပ်ခဲ့ကြပါတယ်” ဟု ဖြေကြားခဲ့သည်။

ရူဘီယိုအား ရုရှားအရုပ်လက်ဆောင်တစ်ခု ပေးခဲ့ပြီး သူ၏ နံဘေးတွင် ဖရဲသီးတစ်လုံးကို ပိုက်၍ ပြုံးနေသော ရုရှားယာဉ်မှူး ပရိုကော့ယက်ဗ်ကို မြင်တွေ့ကြရသည်။

သူက ကမ္ဘာမြေပေါ်ရောက်လျှင် ဖရဲသီးတစ်လုံးပေးပါဟု တောင်းဆိုထားခဲ့သည်။

မော်စကိုမြို့ အပြင်ဘက် Star City ရှိ ရုရှား အာကာသထိန်းချုပ်ရေးမစ်ရှင်ကလည်း တစ်နှစ်ကျော်ကြာ ISS စခန်းယာဉ်ပေါ်တွင် နေထိုင်ပြီးနောက် ယာဉ်မှူးများအားလုံး အခြေအနေကောင်းမွန်ကြောင်း နှင့် အချိန်မီ ဆင်းသက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အာကာသယာဉ်မှူး ရူဘီယို၏ ပထမဦးဆုံး အာကာသခရီးစဉ်ဖြစ်ပြီး ၄င်းအား ( ကမ္ဘာလေထုအတွင်း ဝင်ရောက်လာစဉ် အပူချိန်မြင့်မားမှုကြောင့် မည်းမှောင်နေသော ) သတ္တုခွံလုံး capsule အတွင်းမှ လက်မထောင်၍ ထွက်လာသည်ကို တွေ့ရသည်။


ယာဉ်မှူး သုံးဦးမှာ မူလသတ်မှတ်ချိန်ထက် ခြောက်လနောက်ကျပြီးမှ ကမ္ဘာမြေသို့ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၄င်းတို့အား ခေါ်ယူမည့် မူလ အာကာသယာဉ်မှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် အစားထိုးယာဉ်ဖြင့် ခေါ်ယူခဲ့ရသည်။ ထို့ကြောင့် ၄င်းတို့သုံးဦး အာကာသအတွင်း နေထိုင်ချိန်မှာ စုစုပေါင်း ၃၇၁ရက်ကြာသွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၁)ရက်က ရူဘီယိုသည် အမေရိကန် အာကာသယာဉ်မှူး မာ့ခ် ဗန်ဒီဟိုင်း တင်ထားသည့် အာကာသအတွင်း ဆက်တိုက်နေထိုက်သည့် နာဆာ၏ စံချိန် (၃၅၅)ရက်ကို ချိုးဖျက်နိုင်ခဲ့သည်။

ရူဘီယိုသည် အာကာသထဲတွင် တစ်နှစ်ကျော်နေထိုင်သည့် ပထမဆုံး အမေရိကန်လူမျိုးဖြစ်လာသည်။

ကမ္ဘာမြေသို့ ပြန်လည်မဆင်းသက်မီ ၈ ရက်အလိုက သတင်းထောက်များ၏ မေးမြန်းချက်ကို ရူဘီယိုက ဖြေကြားရာတွင် အာကာသထဲ တစ်နှစ်ကျော် နေရမည်ဟု ကြိုသိခဲ့လျှင် ထိုခရီးစဉ်ကို မလိုက်ပါဘဲ ပယ်ချဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

 

NN-27 and Photo: Internet


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!