အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရဲစခန်းမှ ရဲနှစ်ဦး ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 736

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၁၀ /၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရဲစခန်းမှ ရဲနှစ်ဦး ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

ထွက်ပြေးသွားသည့် ရဲနှစ်ဦးမှာ သစ်ပုံရဲစခန်းမှ တပ်သား ဇော်လင်းထွန်း(ခ)လပုသန်နှင့် တပ်ကြပ် ကိုကိုနိုင်တို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ နှစ်ဦးသည် ယခုမေလအတွင်း မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာမှ နူတ်ထွက်စာမတင်ဘဲ မိမိဆန္ဒသဘောအတိုင်းထွက်ပြေးသွားသည်ဟု သစ်ပုံကျေးရွာသားတစ်ဦးက

နိရဉ္စရာ  သတင်းဌာနကို ပြောသည်။

“ ထွက်ပြေးတာတော့ ရက်ပိုင်းလောက်ပဲရှိသေးတယ်။ ရက်အတိအကျမသိတော့ဘူး။ သူတို့က နူတ်ထွက်စာတင်ပြီး ထွက်ပြေးတာတော့မဟုတ်ဘူး။ မိသားစုတွေလည်း မပါသွားဘူး။ ဘာကြောင့်ထွက်ပြေးလဲ သူတို့ကိုယ်တိုင်ပဲသိမှာပါ။ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့လို့ နေမှာပေါ့” ဟု ပြောသည်။

သစ်ပုံကျေးရွာတွင် လက်ရှိ မေလ ၁၀ ရက်နေ့အထိ တည်ငြိမ်အေးချမ်းလျက်ရှိနေသော်လည်း မည်သည့်ရက်တွင် စစ်ကောင်စီက မည်သို့ အမိန့်ပေးခိုင်းစေမည်ကို စိုးရိမ်စိတ်ဖြင့် နေကြရသည်ဟု သစ်ပုံကျေးရွားသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ လက်ရှိတော့ သစ်ပုံရွာမှာတော့ အေးဆေးဖြစ်နေသေးတယ်။ ဘယ်နေ့ ဘယ်လိုထပ်ဖြစ်မလဲဆိုတာရင်တမမနဲ့ဘဲ စောင့်နေရတယ်။ ရွာသားတွေကို ရွာပြင်နှင်ထုတ်တဲ့အထိ ဖြစ်ခဲ့တာဆိုတော့” ဟုပြောသည်။

ရဲနှစ်ဦးမှာ ထိုင်းဖက်သို့ထွက်ပြေးသွားသည်ဟု ဒေသခံများက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သစ်ပုံကျေးရွာရဲစခန်းတွင် ရဲအင်အား ၁၀ဦး အောက်သာရှိပြီး စစ်ကောင်စီနှင့်ရဲပူးပေါင်းကာ သစ်ပုံကျေးရွာသား၊ရွာသူရွာသားတစ်ချို့အား ၄င်းတို့စိတ်တိုင်းကျ မဖြစ်သည့် အတွက် နှင်ထုတ်ခြင်းများပြုလုပ်ဖူးသဖြင့်သစ်ပုံကျေးရွာ အုပ်စုမှ ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်မှ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတချို့နှင့် ရဲတချို့ထွက်ပြေးမှုများရှိလာနေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ် သတင်းများ