အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ထိုးနှက်မှုများရှိသော်လည်း မိမိတို့ လမ်းစဥ်အတိုင်း ကူညီဆောင်ရွက်ပေးနေကြောင်း AA စစ်ဦးစီးချုပ်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

အေးမြတ်ခိုင်၊ နိရဥ္စရာ ၊ မေလ ၁၀/၂၀၂၄

 

ထိုးနှက်မှုများရှိသော်လည်း မိမိတို့ လမ်းစဥ်အတိုင်း ကူညီ ဆောင်ရွက် ပေးနေကြောင်း အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။ 

 

ကိုယ်ကျိုးစီးပွားရှာနေကြသည့် တက်ကြွလှုပ်ရှားသူများနှင့် စစ်ကောင်စီ လက်ကိုင်တုတ်များက ထိုးနှက်မှုများ ရှိနေသော်လည်း အာရက္ခစစ်သည်တော်များမှာ ၄င်းတို့၏ လမ်းစဥ်အတိုင်း ဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ X လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ရေးသား ထားခြင်း ဖြစ်သည်။ 

 

"ကိုယ်ကျိုးရှာပြီး ကိုယ်ကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ သစ္စာစောင့်သိသော လက်ကိုင်တုတ်တွေက ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်တဲ့ သူရဲကောင်းတွေဟာ သူတို့ရဲ့ လမ်းစဉ်အတွက် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထား တာဝန်ကျေအောင်ပွဲခံနေကြတယ်။သူတို့ဟာ ကျနော်တို့ အဖနိုင်ငံတော်ရဲ့ စစ်မှန်သော သူရဲကောင်းတွေနဲ့ ခုခံကာကွယ်သူတွေ ဖြစ်တယ်"ဟု ဗိုလ်ချုပ ထွန်းမြတ်နိုင်က ရေးသားထားသည်။ 

 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်စာထဲတွင်  ထိုးနှက်နေသူများမှာ မည်သူဖြစ်ကြောင်းကို ဖော်ပြမထားသော်လည်း အေအေရဲဘော်များက စစ်ပွဲအတွင်းက မွတ်ဆလင်များကို ကူညီကယ်ထုတ်နေသည့် ဓာတ်ပုံများနှင့် တကွ ဖော်ပြထားသဖြင့် လက်ရှိ မဟုတ်မမှန် သတင်းများကို ဖြန့်ဝေပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ထိုးနှက်နေသည့် နိုင်ငံတကာရောက် ကိုယ်ကျိုးရှာသူတချို့ကို  ရည်ညွှန်းပုံရသည်ဟု  လေ့လာသုံးသပ်တချို့ ပြောသည်။

 

 လက်ရှိ ရခိုင်က  ဘူးသီးတောင်၊ မောင်တောဒေသအတွင်း မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာစဥ် အကျအဆုံးများသည့် စစ်ကောင်စီနှင့် ကိုယ်ကျိုးရှာ အခွင့်အရေးသမားများက ရခိုင်နှင့် မွတ်ဆလင်များ အကြား လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်အောင် ဆက်တိုက်ဖန်တီး လုပ်ဆောင် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ 

 

ယခုနောက်ပိုင်းတွင် မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများက ဘူးသီးတောင်၊ မောင်တောဒေသ အတွင်း အေအေ၏ စစ်ရေးလှုပ်ရှားမှုများနှင့် ဒေသခံများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ဝေဖန်မှု မြင့်တက်နေသည့်အတွက် အေအေ စစ်ဦးစီးချုပ်က ယခုကဲ့သို့ ရေးသားတုန့်ပြန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု စစ်တွေမှ လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

 

"ဘူးသီးတောင်၊ မောင်တော အခြေအနေက အခုအချိန်မှာ အရမ်းရှုပ်ထွေးလာတယ်။ မွတ်ဆလင် အရေး လှုပ်ရှားသူတွေကလည်း သတင်းအမှားတွေနဲ့ ကမ္ဘာကိုအထိ လျှောက်ပြောတာတွေရှိလာလို့ ဗိုလ်ချုပ်က အခုလို ထွက်ပြောလာတယ်လို့ ထင်တယ်။ တကယ်က နှစ်ဖက်အသိုင်းအဝိုင်းကြား ကောင်းတဲ့အမြင်ရှိဖို့အရေးကြီးတယ်။ ဒါဟာ ပြည်သိမ်းတိုက်ပွဲဆိုတာကို မွတ်ဆလင် အသိုင်းအဝိုင်းကလည်း သိနားလည်ရမယ်။ မွတ်ဆလင်ရှိတဲ့ အရပ်မို့ တိုက်ပွဲဖော်လို့၊ အရပ်သား မွတ်ဆလင်သေရတယ်လို့ စွပ်စွဲ ပြောနေရမယ့်အချိန်မဟုတ်တော့ဘူး တစ်နိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာ အများကြီးပါပဲ"ဟု ပြောသည်။ 

 

ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပိတ်မိနေသည့် ပြည်သူများနှင့် ပတ်သက်၍ အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေး​နေသည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။ 

 

ရခိုင်မှာ  တဆင့်ချင်းနယ်မြေလက်လွှတ်ဆုတ်ခွာနေရသည့် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနှင့် စစ်ကောင်စီကို လိုလားသူများသည် ရခိုင်ဒေသမှာ ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးထားပြီး ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု ဦးခိုင်သုက ပြောသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!