သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

အတိုက်အခံမပါသည့် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ရှိတ်ဟာဆီနာ​၏ အာဏာရပါတီကပင် အနိုင်ရမည်ဟုဆို


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 623

လာမည့် ဇန်နဝါရီလ (၇) ရက်တွင် ကျင်းပမည့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသဖြင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ​၏ လက်ရှိ အာဏာရ အဝါမီလိဂ်ပါတီကပင် အနိုင်ရရှိရန် သေချာနေသည်ဟု သုံးသပ်လျက်ရှိကြသည်။

လာမည့်ရွေးကောက်ပွဲကို အဓိကအတိုက်အခံပါတီများက သပိတ်မှောက်ထားပြီး ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုသလို ၎င်းတို့​၏ ပါတီခေါင်းဆောင်များမှာလည်း ဖမ်းဆီးထောင်ချခံနေရသည်။

အတိုက်အခံပါတီများအနက် အင်အားအကြီးမားဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP (Bangladesh Nationalist Party )  နှင့် မဟာမိတ်များက ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ ကျင်းပပေးမည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိမည်ဟု မယုံကြည်ကြောင်း ပြောဆိုကြသည်။

အတိုက်အခံပါတီများက လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှုတ်ထွက်ပြီး ဘက်လိုက်မှုမရှိသည့် ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းကာ ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုခဲ့သော်လည်း ဟာဆီနာက ပယ်ချခဲ့သည်။

ထို့ကြောင့် အတိုက်အခံများ ရွေးကောက်ပွဲကို သပိတ်မှောက်ရာမှ ရွေးကောက်ပွဲရလဒ်မှာ ဟာဆီနာ​၏ အဝါမီလိဂ်ပါတီ နှင့် မဟာမိတ်များ၊ တစ်သီးပုဂ္ဂလများသာ ဖြစ်လိမ့်မည်ဟု သုံးသပ်သူများက ပြောဆိုသည်။

" ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီဟာ သေဆုံးသွားပါပြီ။ လာမယ့် ဇန်နဝါရီမှာ မြင်တွေ့ရမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်" ဟု BNP ပါတီခေါင်းဆောင် အဗ္ဗဒူ မြိုရင်းခန်က ဘီဘီစီကို ပြောကြားခဲ့သည်။

သူက ရှိတ်ဟာဆီနာသည် လွန်ခဲ့သည့်နှစ်များအတွင်း တစ်ဦးတည်း အာဏာရှင် အဖြစ်သို့ ပြောင်းလဲသွားပြီဟု ဝေဖန်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက သူမ​၏ အစိုးရအဖွဲ့အပေါ် အရေးတယူဝေဖန်ထောက်ပြခြင်းလည်း မရှိဟု ဆိုသည်။

ရှိတ်ဟာဆီအစိုးရက ဒီမိုကရက်တစ်မဆန်ဟု ၎င်းတို့အပေါ် စွပ်စွဲခြင်းများကို ပယ်ချခဲ့သည်။

" ရွေးကောက်ပွဲတွေဟာ ပြည်သူတွေရဲ့ ပါဝင်မဲပေးမှုနဲ့ ရွေးချယ်ဆုံးဖြတ်ကြတာဖြစ်တယ်။ ဒီရွေးကောက်ပွဲမှာ BNP မှတစ်ပါး တခြားပါတီတွေ အများကြီး ဝင်ပြိုင်ကြပါတယ်" ဟု ဥပဒေဝန်ကြီး အနီဆူလ် ဟတ်က ပြောကြားခဲ့သည်။

မွတ်ဆလင်အများစုနေထိုင်ပြီး တစ်ချိန်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်သည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ​၏ ဦးဆောင်မှုအောက်တွင် သိသိသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ဟာဆီနာဦးဆောင်သည့် အဝါမီလိဂ် ပါတီသည် ၂၀၀၉ ခုနှစ်မှစတင်၍ အာဏာရရှိခဲ့သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်​၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ တောင်အာရှတွင် အိမ်နီးချင်း အိန္ဒိယကိုပါ ကျော်ဖြတ်၍ အမြန်ဆုံးဖြစ်လာခဲ့သည်။

ကမ္ဘာ့ဘဏ်​၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်ဦးချင်းဝင်ငွေ သုံးဆ မြင့်မားလာပြီး လွန်ခဲ့သည့် နှစ် ၂၀ အတွင်း လူဦးရေ ၂၅ သန်း ဆင်းရဲခြင်းမှ လွတ်မြောက်စေခဲ့သည်။

နိုင်ငံ​၏ ကိုယ်ပိုင်ဘဏ္ဍာငွေ၊ ပြည်ပချေးငွေ နှင့် ဖွံ့ဖြိုးရေးအကူညီများဖြင့် ကြီးမားသော အခြေခံအဆောက်အအုံများကို တည်ဆောက်ခဲ့ရာ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကုန်ကျသည့် ဂင်္ဂါမြစ်ဖြတ် ပတ်ဒ်မာ တံတားကြီးအပါအဝင်ဖြစ်သည်။ အဆိုပါတံတားကြီးက နိုင်ငံ​၏ ဂျီဒီပီ ၁ ဒသမ ၂၃% တိုးပွားစေမည်ဟု မှန်းဆထားသည်။  NN-27

Ref: BBC World

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!