သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး၏ အဖိုးတန်လက်ပတ်နာရီနှင့် ဒေါ်လာငွေများ ခိုးယူခဲ့သည့် တရုတ်ခရီးသည်အား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပျံသန်းလာသော လေယာဉ်ခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ အဖိုးတန် လက်ပတ်နာရီနှင့် ဒေါ်လာငွေများကို ခိုးယူခဲ့သည့် တရုတ်ခရီးသည်တစ်ဦးအား ထိုင်းရဲများက ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရှိရသည်။

အသက် ၄၈ နှစ်အရွယ်ရှိ တရုတ်ခရီးသည် ယီရှန်းယန်အား ခိုးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သုဝဏ္ဏဘူမိလေဆိပ် အထွေထွေမန်နေဂျာ ကစ်တီပေါင် ကစ်တီကာချွန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်ခရီးသည် ယီ သည် ချာဗန်ဟာရှတ် ပန်ဒူရန်အမည်ရှိ အိန္ဒိယခရီးသည်၏ ရိုးလက်စ်နာရီတစ်လုံး နှင့် ဒေါ်လာ ၂၈၀၀ ကို လေယာဉ်ပေါ်တွင် ခိုးယူခဲ့ခြင်းဖြစ်သည်။

၄င်းတို့နှစ်ဦးစလုံးသည် ပြီးခဲ့သည့် ကြာသပတေးနေ့က မွမ်ဘိုင်းမှ ဘန်ကောက်သို့ ဗစ္စတာရာ လေကြောင်းလိုင်းခရီးစဉ်အမှတ် UK123 ဖြင့် အတူလိုက်ပါလာကြသူများဖြစ်ကြသည်။

အိန္ဒိယခရီးသည် ပန်ဒူရန်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်လျှင်ရောက်ချင်း လေဆိပ်ရဲကို ၄င်း၏ ပစ္စည်းများ ခိုးယူခံရကြောင်း တိုင်ကြားခဲ့သည်။

လေဆိပ်ရဲများနှင့် လုံခြုံရေးအရာရှိများက လုံခြုံရေးကင်မရာများကို စစ်ဆေးကြည့်ရှုရာ တရုတ်ခရီးသည် ယီအား မသင်္ကာဖွယ်တွေ့ရှိခဲ့ကြသည်။

လေဆိပ်တာဝန်ရှိသူ၏ ပြောကြားချက်အရ မစ္စတာယီသည် လေဆိပ်လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကျော်ပြီး လက်ဆွဲအိတ်တစ်လုံးနှင့်အတူ တက္ကစီတစ်စီးပေါ် အလျင်စလိုတက်သွားသည်ကို မြင်တွေ့လိုက်ရသည်ဟု ဆိုသည်။ ထိုင်း ကမ္ဘာလှည့်ခရီးသည်ရဲများက မစ္စတာ ယီ ကို ရတ်ချဒါဖီဆက် လမ်းပေါ်ရှိ ဟိုတယ်တစ်ခုတွင် ကြာသပတေးနေ့က ခြေရာခံဖမ်းဆီးရမိခဲ့သည်။

လေယာဉ်ပေါ်တွင် ပစ္စည်းခိုးယူခဲ့သည့် တရုတ်ခရီးသည်ယီအား ခိုးမှုဖြင့် တရားစွဲဆိုထားပြီး ထိုင်းဥပဒေအရ ပြစ်မှုထင်ရှားလျှင် ဒဏ်ငွေဘတ် ၂၀၀၀၀ မှ ၁၀၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည်ဟု သိရသည်။ NN-27/ref: Bangkok Post

ဆက်စပ် သတင်းများ