သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

လေယာဉ်မောင်းနှင်နေစဉ် ၂၈ မိနစ်ကြာ အိပ်ပျော်သွားသော လေယာဉ်းမှူးနှစ်ဦးအား အင်ဒိုနီးရှားစုံစမ်းစစ်ဆေးမည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

အင်ဒိုနီးရှား Batik Air လေကြောင်းလိုင်းမှ လေယာဉ်မှူးနှစ်ဦးအား လေယာဉ်မောင်းနှင်နေစဉ် အိပ်ပျော်သွားသည့် ကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေး သွားမည်ဟု သိရှိရသည်။

အဆိုပါ လေယာဉ်မှူးကြီးနှစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ဆူလာဝေဆီအရှေ့တောင်ပိုင်းမှ ဂျာကာတာသို့ ပျံသန်းသော လေယာဉ်ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ၂၈ မိနစ်ကြာ အိပ်ပျော် သွားခဲ့သည်ဟု အင်ဒိုနီးရှား အမျိုးသားပို့ဆောင်ရေး လုံခြုံရေးကော်မတီ (KNKT)​၏ ကနဦးအစီရင်ခံစာတွင် ဖော်ပြထားသည်။

လေယာဉ်မှူးများ အိပ်ပျော်သွားသည့်အတွက် အဆိုပါခရီးစဉ်တွင် လေကြောင်းထိန်းသိမ်းမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း အဲယားဘတ်စ် A-320 ​၏ ခရီးသည် ၁၅၃ ဦး နှင့် လေယာဉ်ဝန်ထမ်း လေးဦးတို့မှာ ၂ နာရီ ၃၅ မိနစ်ကြာခရီးစဉ်အတွင်း ဘေးမသီ ရန်မခဘဲ ဆင်းသက်နိုင်ခဲ့ကြသည်။

အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက Batik Air လေကြောင်းလိုင်းအား ပြင်းထန်စွာ သတိပေးလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးချုပ် ခရစ္စတီ အင်ဒတ်မာနီက ပြောကြားသည်။

" Batik Air လေကြောင်းလိုင်းအပါအဝင် လေကြောင်းလိုင်းအားလုံးရဲ့ "ပင်ပန်းနွမ်းနယ်မှုဒဏ် လျော့ပါးရေး" ( Fatigue Risk Management ) နဲ့ဆက်စပ်ပြီး အင်ဒိုနီးရှားလေယာဉ်များရဲ့ ညပိုင်းပျံသန်းရေးလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီး အဖြေရှာသွားပါမယ်" ဟု ခရစ္စတီက ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၂၅ ရက် လေယာဉ်ခရီးစဉ် အဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် လေယာဉ်မှူး နှစ်ဦးအား ယာယီ တာဝန်မှ ရပ်ဆိုင်းထားသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးမှာ ခရီးစဉ်မတိုင်မီညက အိပ်ရေးအလုံအလောက်မရခဲ့သဖြင့် လေယာဉ်စတင်ပျံသန်းပြီး နာရီဝက်အကြာတွင် လက်ထောက်လေယာဉ်မှူးအား သူ ခဏအိပ်ချင်ကြောင်းပြောကာ အိပ်ပျော်သွားခဲ့ကြောင်း၊ မွေးကင်းစ လသားအမြွာရင်သွေးရှိသူ လက်ထောက်လေယာဉ်မှူးမှာလည်း ခဏအကြာတွင် အိပ်ပျော်သွားကြောင်း၊ ဂျာကာလေဆိပ်မှ လေယာဉ်မှူးထံသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရဘဲ ပြတ်တောက်နေကြောင်း၊ ၂၈ မိနစ်အကြာတွင် လေယာဉ်မှူးကြီး နိုးလာပြီး လေဆိပ်နှင့်အဆက်အသွယ်ရချိန်တွင် လေယာဉ်သည် လမ်းကြောင်းလွဲနေပြီဖြစ်ကြောင်း၊ လေယာဉ်မှူကြီးက လေယာဉ်ကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ထိန်းသိမ်းကာ မောင်းနှင်သဖြင့် ခရီးသည်များ ဘေးမသီ ရန်မခဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ NN-27/ Ref:cna

ဆက်စပ် သတင်းများ