သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

လစ်ဗျားမှ ဥရောပသို့ ရွှေ့ပြောင်းခိုလှုံရန် ကြိုးပမ်းသူ ၆၀နီးပါး မြေထဲပင်လယ်တွင် စက်လှေပျက်ပြီး ရေနစ်သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 537

အာဖရိကတိုက် လစ်ဗျားကမ်းခြေမှ ဥရောပတိုက် အီတလီသို့ မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ရွှေပြောင်းခိုလှုံရန် ကြိုးပမ်းသူ ၆၀ နီးပါး စက်လှေပျက်ပြီးနောက် ပင်လယ်ထဲတွင် ရေနစ်သေဆုံးသွားသည်ဟု ဥရောပကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားသည်။

အမျိုးသမီးများနှင့် ကလေးငယ်တစ်ဦးအပါအဝင် လူပေါင်း ၆၀ တို့ လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း အသက်ရှင်ကျန်သူများက ပြောကြားခဲ့သည်ဟု မာဆေးအခြေစိုက် SOS Mediterranee က ပြောဆိုသည်။

အဆိုပါကယ်ဆယ်ဆယ်ရေးအဖွဲ့​၏ Ocean Viking သင်္ဘောသည် အခြားသော စက်လှေများမှ ရွှေ့ပြောင်းခိုလှုံရန်ကြိုးပမ်းသူ ၂၂၄ ဦးကို တင်ဆောင်ပြီး ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းလျှက်ရှိသည်။

ကယ်တင်လာသော ရွှေ့ပြောင်းခိုလှုံသူများအနက် ၂၅ ဦးမှာ နစ်မြုပ်သွားသော စက်လှေပေါ်မှဖြစ်ပြီး အဆိုပါ စက်လှေမှာ မတ်လ ၈ ရက်နေ့က လစ်ဗျားကမ်းခြေ ဇဝီယ မှ ထွက်ခွါလာခဲ့ပြီးနောက် သုံးရက်အကြာတွင် စက်ချို့ယွင်းသွားခဲ့သည်ဟု ဆိုသည်။

အသက်မသေကျန်ရစ်သော ခရီးသည်များ​၏ ပြောကြားချက်အရ ၎င်းတို့သည် ပင်လယ်ထဲတွင် အစာရေစာ မစားရဘဲ ရက်အတန်ကြာမျောနေခဲ့ရသည်ဟု သိရသည်။

အိုးရှင်းဗိုက်ကင်း ကယ်ဆယ်ရေးသင်္ဘောသည် ဗုဒ္ဓဟူးနေ့ညက လူပေါင်း ၁၁၃ ဦးကို ကယ်တင်ခဲ့ရပြီး ကြာသပတေးနေ့တွင် ရာဘာလှေတစ်စီးနှင့် မျောနေသော လူ ၈၈ ဦးကို ထပ်မံကယ်ဆယ်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ရွှေ့ပြောင်းခိုလှုံသူများ​၏ စက်လှေများသည် ၎င်းတို့ရောက်ရှိနေရာမှ မိုင်ပေါင်း ၁၀၀၀ ခန့် ဝေးကွာသည့် အီတလီနိုင်ငံ အန်ကိုနာ ကမ်းခြေသို့ ဦးတည်လျှက်ရှိသည်ဟု ဥရောပကယ်ဆယ်ရေးအဖွဲ့ SOS Mediterranee က ပြောကြားသည်။

SOS Mediterranee အဖွဲ့သည် ၂၀၁၆ ခုနှစ်မှစ၍ မြေထဲပင်လယ်အတွင်း ဥရောပသို့ ရွှေ့ပြောင်းခိုလှုံရန် ကြိုးပမ်းသူပေါင်း ၃၉၀၀၀ ကို ကယ်တင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းခိုလှုံသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့​( IOM)​၏ စာရင်းများအရ ပြီးခဲ့သည့်နှစ်အတွင်း ဥရောပသို့ ရွှေ့ပြောင်းခိုလှုံရန်ကြိုးပမ်းသူ ၃၁၀၅ ဦး မြေထဲပင်လယ်အတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟု သိရသည်။ NN-27/ Ref:Dhaka Tribune

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!