ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဇူလိုင်ဆဲဗင်းမမေ့ကြနဲ့ဟု စာတမ်းချိတ်ဆွဲသူ လူငယ် (၂)ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီးအဆက်အသွယ်မရရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 617

ကျောင်းသားထုသွေးနှင့် ရေးသော ၇ -၇ -၁၉၆၂ (July 7) ကို မမေ့ကြနဲ့ဟုဆိုသည့် စာတမ်းပါ ဆိုင်းဘုတ်ချိတ်ဆွဲသူ လူငယ် (၂)ဦးကို စစ်ကောင်စီတပ်များက ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း ရွှေပြည်သာဒေသခံများထံက သိရှိရသည်။


အဆိုပါ စာတမ်းကို ရွှေပြည်သာ၊ အမှတ် (၁၁)ရပ်ကွက်ထဲက အလက (၉) စာသင်ကျောင်းတံခါးတွင် လူငယ်များ က သွားရောက်ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

လူငယ်လေးတွေ သူတို့ မခံနိုင်တဲ့ ဆန္ဒကို ထုတ်ဖော်တာပေါ့။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်အဖမ်းခံလိုက်ရတယ်ကြားတယ်။ ဘယ်မှာ ဖမ်းထားလဲ ဘယ်ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူးဟု ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောသည်။

 

ဖမ်းဆီးခံရသူ (၂)ဦးသည် ရွှေပြည်သာမြို့နယ်အတွင်းက အမှတ် ၁၂ နှင့် အမှတ် ၁၈ ရပ်ကွက် တို့၌ နေထိုင်ကြ သည့် မောင်ဖြိုးသော်ထွန်းနှင့် မအိန္ဒြေဦး တို့ ဖြစ်ကြပြီး ၎င်းတို့နှင့် ယခုအချိန် အဆက်အသွယ်မရရှိသေးကြောင်း ‌မိသားစုများထံက သိရှိရသည်။

 

အခုအထိ အဆက်အသွယ်မရသေးဘူးရှင့်၊ စခန်းလဲ သွားမေးပြီးပြီ မသိရသေးဘူးဟု ပြောသည်။

 

စစ်ကောင်စီအဖွဲ့များသည် ၎င်းတို့အား ဆန္ဒထုတ်ဖော်မှုများနှင့် ဝေဖန်ပြောဆိုသူများကို တရားဥပဒေမဲ့  ဖမ်းဆီး ပြီး အကြမ်းဖက်ပုဒ်မများတပ်ကာ တရားစွဲလျက်ရှိကြောင်း သိရှိရသည်။

 

 ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပန်းများ ပန်ဆင်ကြပြီး လမ်းသွားလမ်းလာများ၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက် တင်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

 

ထိုကဲ့သို့ စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြားမှ တော်လှန်‌ရေး အင်အားစုများနှင့် စစ်ကောင်စီ မလိုလားသည့် ပြည်သူများကလည်း ဆန္ဒထုတ်ဖော်မှုများ သပိတ်များတွင် ပါဝင်လျက်ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် July 7 ( လူမှုကွန်ယက်)

ဆက်စပ် သတင်းများ