ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

သံတွဲမှ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသောလူငယ် ၁ နှစ်အကြာတွင်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ လူငယ်တစ်ဦးသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့်အမှုဖွင့်ခံရပြီးနောက် ၁ နှစ်အကြာတွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသူမှာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)ဖြစ်သည်။
သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်းတွင် အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများပြီး ရဲတပ်သား ၁ ဦးက သူ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက သူ့ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက နိရဥ္စရာသို့ပြောသည်။
“ဂျိတ္တောရဲစခန်းက အမှုတစ်ခုကို သူကလိုက်ပြီးကူညီပေးရင်းနဲ့ သူတို့ရဲတပ်ဖွဲ့ဝင်က သူ့ကို ဒဏ်ရာတွေအများကြီးရအောင်လုပ်တယ်ဆိုပြီး သူကိုယ်တိုင်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တယ်။ သူတို့ရဲကိုလည်း အမှုစွဲခံရတဲ့အတွက် ဒီလိုအချင်းချင်းပြန်ပြီး အမှုကိုပြန်အစဖော်လိုက်တဲ့သဘောပဲလို့ ကျမထင်ပါတယ်ရှင့်” ဟုပြောသည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး လာမည့်ဖေဖော်ဝါရီလ ၂၈ ရက်အထိ ရမန်ယူထားကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့မရဲစခန်းအား နိရဥ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ သံတွဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးချမ်းမင်းက တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဟန်မျိုးသူရိန်သည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ သင်တန်းများပို့ချနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ