ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ငပလီမှ ကိုဟန်မျိုးသူရိန် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲချက်တင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 632

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲခံထားရသည့် ကိုဟန်မျိုးသူရိန်သည် ယနေ့တွင် ယင်းပုဒ်မဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။
ကိုဟန်မျိုးသူရိန်၏ယနေ့ မတ်လ ၂၁ ရက် ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး၌ နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ကြားနာခဲ့ကြပြီးနောက် ယခုကဲ့သို့ စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်ဟု အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက နိရဥ္စရာသို့ပြောသည်။
အဆိုပါအမှုတွင် တရားလိုနှင့်လိုပြသက်သေတစ်ဦး၏ထွက်ဆိုချက်မှာလည်း ကွဲလွဲမှုရှိနေသဖြင့် လာမည့် မတ် ၂၈ ရက်ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် သံတွဲမြို့မရဲစခန်းမှူးအား ပြန်လည်စစ်ဆေးသွားမည်ဟုလည်း ပြောသည်။
“တရားလိုကိုယ်တိုင်ကနေပြီးတော့ ကိုဟန်မျိုးသူရိန်က လူ ၂၀၀ ကိုဦးဆောင်ပြီးတော့ ခေါ်လာတယ်လို့ အဲလိုမျိုးကြီး ထွက်ထားတာမရှိဘူးရှင့်။ တကယ်တော့ တရားလိုက အဓိကအရေးကြီးတာပေါ့နော်။ တရားလိုက အဲလိုမျိုးထွက်ဆိုထားတာလည်းမရှိဘဲနဲ့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ မြို့မရဲစခန်းမှူးကနေပြီးတော့ သူတစ်ယောက်တည်း ပြင်းပြင်းထန်ထန်ထွက်ထားတာရှိတယ်။ ကျန်တဲ့သက်သေတွေကတော့ အဲလိုမျိုးထွက်ထားတာမရှိဘူး” ဟုပြောသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ