ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

KNLA မှ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်တပ်ကာကင်းစခန်း (၈)ခုကို တစ်နာရီအတွင်းတိုက်ခိုက်ရှင်းလင်း


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 890

ယနေ့ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီ၏ ကာကင်းစခန်း(၈)ခုခန့်နှင့် စစ်တပ် ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် တံတားတစင်းတို့ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(K.N.L.A)မှ တစ်နာရီအတွင်း တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွာအနီးမှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်၏ ကာကင်းစခန်း (၈) ခု ဖြစ်သည့် (၁)သံလမ်းတံတားကင်း၊ (၂)စာသင်ကျောင်း ကင်း၊ (၃)ဘုန်းကြီးကျောင်းကင်း၊ (၄)နတ်စင်ကင်း၊ (၅)အုတ်ဖိုကင်း၊ (၆)လင်းယောခင်ရွာကင်း၊ (၇)အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် (၈)ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားတို့ကို တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းစခန်းများသည် စစ်ကောင်စီအတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးကြီးသည့် စခန်းများဖြစ်ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များမှ ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


အဆိုပါကာကင်းစခန်း (၈)ခုနှင့် တံတားအား ယနေ့မနက် ၄ နာရီခွဲအချိန်မှ ၅ နာရီခွဲထိ အချိန်တစ်နာရီအတွင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုစာရင်းများကိုမှု စစ်ဆေးအတည်ပြုနေဆဲ ဖြစ်သည်ဟုဆိုသည်။(NN-23)

ဓါတ်ပုံ − ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်း များနှင့် ချိုးဖျက်ခဲ့သောအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးကြီးသည့် တံတား။

ဆက်စပ် သတင်းများ