ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း ရန်ကုန်မြို့ရှိ အနောက်နိုင်ငံ သံရုံးအချို့မှ ပူးတွဲကြေညာချက်ထုတ်ပြန်


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 333

စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း ရန်ကုန်မြို့ရှိ သြစတြေးလျား၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့မှ သံရုံးအကြီးအကဲများနှင့် ဗြိတိသျှနိုင်ငံ၏ လက်ထောက် သံရုံးအကြီးအကဲတို့၏ ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကျွန်ုပ်တို့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုလိုကြောင်းနှင့် အဆိုပါ အမျိုးသမီးများသည် သူတို့၏ မိသားစုများကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးလျက်နှင့်ပင် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဒီမိုကရေစီတစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းမှုများကို ဆက်လက်ဦးဆောင်နေကြကြောင်းထုတ်ပြန်ချက် တွင်ပါရှိသည်။

သူတို့၏ နေ့စဥ်လုပ်ဆောင်ချက်များမှတစ်ဆင့် သူတို့က အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီအနာဂတ် ရရှိစေဖို့ ကြိုးပမ်းခြင်း၏ အရေးပါမှုကို ကျွန်ုပ်တို့အားလုံးအား ပြသနေကြောင်း လည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ ထိခိုက်လွယ်ကြသည်။ ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အခြေပြု အကြမ်းဖက်မှု အပါအဝင် လိင်အခြပြု အကြမ်းဖက်မှုနှင့် ကျား၊မ ဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှု ပုံစံများ အားလုံးကို နေရာတိုင်းတွင် တားဆီးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်ကဆိုသည်။

“ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် အဆိုပါ အကြမ်းဖက်မှုများတွင် ရှင်သန်ကျန်ရစ်သူများအတွက် အကူအညီ အထောက်အပံ့များ လက်လှမ်းမီစေရေးကို တိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဥ်များတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ တည်ဆောက်နိုင်ရန် လွန်စွာ အရေးပါပါသည်။

နောက်ခံအခြေအနေ အမျိုးမျိုး၊ စွမ်းဆောင်ရည် အမျိုးမျိုး ရှိကြသော အမျိုးသမီးများနှင့် မိန်းက‌လေးငယ်များ အားလုံးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သင့်ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမျိုးသမီးများဖြစ်သည့် ကျွန်ုပ်တို့ ကိုယ်တိုင်ရော၊ ကျွန်ုပ်တို့၏ အစိုးရများပါ ကျား၊မ တန်းတူညီရေးကို မြှင့်တင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စွမ်းရည်မြှင့်တင်ပေးရန် ချမှတ်ထားသည့် ကျွန်ုပ်တို့၏ သံန္နိဌာန်များ ဆက်လက်၍ ခိုင်ခိုင်မာမာရှိနေပါကြောင်း ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ NN-20

ဆက်စပ် သတင်းများ