ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဆောက်လုပ်ဆဲ ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ပင်နီဆူလာဟိုတယ်စီမံကိန်း ဆက်လက်ရပ်နားထားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 11.5k

နွေနေ/နိရဉ္စရာ (ဘာသာပြန်သတင်း) မတ် ၂၀/၂၀၂၄

၂၀၂၁ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ရပ်တန့်သွားခဲ့သည့် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဆောက်လုပ်ဆဲ ပင်နီဆူလာဟိုတယ်စီမံကိန်းကို ဆက်လက် အကောင်ထည်ဖော်ဦးမည် မဟုတ်ဘဲ ရပ်နားထားမည်ဟု သိရှိရသည်။

ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ယခင်မြန်မာ့မီးရထားရုံးဝင်းအတွင်း ဟောင်ကောင်အခြေစိုက် ပင်နီဆူလာဟိုတယ်အုပ်စုက ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ဟိုတယ်စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်နေခဲ့သည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဆာ့ဂျ်ပန်း​၏ ရိုးမ၊ အက်ဖ်အမ်အိုင်အုပ်စုက ရှယ်ယာ ၃၀% ပိုင်ဆိုင်ပြီး ဟောင်ကောင်၊ ရှန်ဟိုင်းဟိုတယ်အုပ်စုက ရှယ်ယာ ၇၀% ပိုင်ဆိုင်သော အဆိုပါ ပင်နီဆူလာ ဟိုတယ် စီမံကိန်းမှာ ၂၀၂၁ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းအားလုံး ရပ်တန့်သွားခဲ့သည်။

ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော ယခင် မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦးဟောင်းကို ပြုပြင်မွမ်းမံပြီး ခေတ်မီဟိုတယ်အဖြစ် တည်ဆောက်မည့်စီမံကိန်းမှာ အာဏာသိမ်းပြီး လေးလအကြာတွင် လုပ်ငန်းအားလုံးရပ်တန့်သွားခဲ့ရာ ယနေ့တိုင် အပြီးမသတ်နိုင်ဘဲ တန်းလန်းဖြစ်နေသည်။

" ဒီ စီမံကိန်းကို ဒီအတိုင်းပဲ ဆက်ရပ်ထားပါဦးမယ်" ဟု ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်အုပ်စု​၏ စီအီးအို ကလီးမင့်ကော့ က ဟောင်ကောင်တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

သို့သော် ဟိုတယ်စီမံကိန်းများ ပြန်လည်မစတင်မီ အခြေခံလုပ်ငန်းများ အပြီးသတ်ထားရန် ဒေသခံ အကျိုးတူကုမ္ပဏီနှင့် သဘောတူညီမှု ရယူထားသည်ဟုလည်း ဆိုသည်။

အခန်း ၈၈ ခန်းပါဝင်မည့် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို မွမ်းမံတည်ဆောက်မည့် ဟိုတယ် စီမံကိန်းကို ၂၀၁၄ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၂ခုနှစ် အပြီးသတ်ရန် ရည်မှန်းထားသော်လည်း စစ်အာဏာသိမ်းသွားသည့်အတွက် လုပ်ငန်းများ ဆက်လက်အကောင်အထည်မဖော်တော့ဘဲ ရပ်တန့်လိုက်ရသည်။

စီမံကိန်းရပ်တန့်သွားသည့်အတွက် ဟောင်ကောင်ဟိုတယ်အုပ်စုသည် ဟောင်ကောင်ဒေါ်လာ ၆၇၉ သန်း ( အမေရိကန်ဒေါ်လာ ၈၆.၈သန်း) နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

" ဒီ စီမံကိန်းကို ခုချိန်မှာ ဆက်အကောင်အထည်ဖော်ဖို့ သင့်လျော်တဲ့ ပတ်ဝန်းကျင်အနေအထား မရှိသေးပါဘူး" ဟု စီအီးအို ကော့ က ပြောကြားခဲ့ပြီး မြေပြင်အခြေအနေမှာ မရေမရာ ဖြစ်နေဆဲရှိသလို ဘယ်တော့ပြန်စနိုင်မည်ကိုလဲ ကြိုတင်ပြောဖို့ ခက်နေသေးသည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ​၏ လက်ရှိအခြေအနေမှာ ထိတ်လန့်ခြောက်ခြားဖွယ်အနေအထားတွင် ရှိနေဆဲဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းအချိန်မှစ၍ လူပေါင်း ၈၀၀၀ခန့် အသက်ဆုံးရှုံးခဲ့ရပြီဟု အမေရိကန် အခြေစိုက် လက်နက်ကိုင်ပဋိပက္ခ နေရာနှင့်ဖြစ်ရပ်စာရင်းစီမံချက်အဖွဲ့​၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ ( AAPP) ​၏ စာရင်းများအရ အာဏာ သိမ်းပြီးချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လူပေါင်း ၂၆၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၀၀ ကျော်မှာ ယနေ့တိုင် အကျဉ်းထောင်ထဲတွင် ရှိနေသေးသည်ဟု ဆိုသည်။

ဟောင်ကောင်ဟိုတယ်အုပ်စု စီအီးအို မစ္စတာကော့က "ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး" ဟုပြောဆိုခဲ့ပြီး အဆိုပါမြေကို ပိုင်ဆိုင်ခွင့်ရထားကြောင်းနှင့် သဘောတူညီမှုအပြောင်းအလဲရှိမှာ မဟုတ်ဟုလည်း ပြောဆိုခဲ့သည်။

မစ္စတာကော့က လတ်တလောတွင် အဆောက်အဦး​၏ ခေါင်မိုးပိုင်းကို အပြီးသတ်ထားရန် ဆာ့ဂျ်ပန်း​၏ ရိုးမအုပ်စုနှင့် သဘောတူထားသည်ဟု ဆိုသည်။ " မြန်မာပြည်က ဒီစီမံကိန်းကို ကျွန်တော်တို့ တစ်ချိန်မှာ ပြန်စမှာပါ။ သိပ်လည်း မလောပါဘူး။ အခု ဆောက်လက်စ အဆောက်အဦးကို ကြည့်ကောင်းအောင်တော့ ပိုက်ဆံနည်းနည်းသုံးပြီး ပြင်နေပါတယ်" ဟု မစ္စတာကော့က နစ်ကေးအေးရှား သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ref: Nikkei Asia

ဆက်စပ် သတင်းများ