သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

အင်းစိန်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ၃ လအထိ တိုက်ပိတ်ခြေကျင်းဒေါက် ခတ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 559

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄

ရန်ကုန်တိုင်း၊ အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးအား ကုန်ခဲ့သည့်၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ယနေ့အချိန်အထိ ခြေကျင်းဒေါက်ခတ်ထားကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)  မှ ယနေ့ မတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား များဖြစ်ကြသည့် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား (၂၄)ဦးဖြစ်ကြသည်။

၎င်းတို့ အား  ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၅) ရက်နေ့တွင် တရားမဝင်ပစ္စည်းများကိုင်ဆောင် သည် ဟုအကြောင်းပြ၍ ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်ကာ လက်ထိပ်‌နောက် ပြန်ခတ် ခေါ်ဆောင်ပြီး ရိုက်နှက်၍ ခြေကျင်းနှင့်ဒေါက်ခတ်ကာ တိုက်သုံးလ ပိတ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

လက်ရှိ ခြေကျင်းခတ်ခံရသူများထဲတွင် အသက်၂၀နှစ် မှ ၆၀နှစ် အတွင်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ပြီး ၎င်းတို့သည် မတရား ပုဒ်မ ၅၄(က)၊၅၂(က)၊၁၉(စ)၊ဖောက်ခွဲ(၃) တို့ဖြင့် အမိန့်ချ ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ (၅၇)တွင် မည်သည့် အကျဉ်းသားကိုမဆို ရက်ပေါင်း(၉၀)ထက် ကျော်သည့် ခြေကျင်းခတ်ခြင်းများကို မပြုလုပ်ရန် ပြဠာန်းထားပြီး ပုဒ်မ(၅၈)တွင် အရေးပေါ်ကိစ္စမှအပ ထောင်မှူးသည် အကျဉ်းသားများအား ခြေကျင်းမခတ်ရ ဟု ထောင်လက်ဆွဲဥပဒေတွင် တရားဝင်ပြဠာန်းထားသော်လည်း အာဏာသိမ်းပြီးချိန်မှ စ၍ ထောင်အာဏာပိုင်များသည် အကျဉ်းထောင်လက်ဆွဲ ဥပဒေကို လိုက်နာတော့ခြင်း မရှိကြောင်းထုတ်ပြန်ချက်ကဆိုသည်

ထို့အပြင် ထောင်အာဏာပိုင်များသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပေါ်ပေါ်တင်တင်ကျူးလွန်လျှက်ရှိနေကြဆဲဖြစ်ကြောင်းသိရသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း၏အပိုဒ်(၄)တွင် မည်သူ့ကိုမျှ အတင်းအကျပ် ကျွန်ပြုခြင်း ခိုင်းစေခြင်း မပြုရ ဟူ၍လည်းကောင်း၊အပိုဒ်(၅)တွင် မည်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ သို့တည်းမဟုတ် မတရား ပြစ်ဒဏ်ပေးခြင်းများ မပြုရဟူ၍လည်းကောင်း ကြေညာထားသည့် အချက်များကို  အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား အားလုံးရရှိခြင်းမရှိဘဲ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေကြရ ကြောင်းထုတ်ပြန်ချက် တွင်ပါရှိသည်။

ယခုကဲ့သို့ ရာထူးအာဏာကို အသုံးချ၍ မတရားခြေကျင်း နှင့် ဒေါက်များခတ်၍ အလုပ်ခိုင်းစေခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၄)နှင့်(၅)ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြခြင်းပင်ဖြစ်ကြောင်း PPNMမှ ထုတ်ပြန်ထား သည်။

အကျဉ်းထောင်များအတွင်းတွင် လူ့အခွင့်အရေးဆုံးရှုံးမှု၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံးမှုများသည် မြန်မာပြည်တစ်ဝှမ်းအကျဉ်းထောင်များတွင် ဖြစ်ပွားလျှက်ရှိနေကာ လျော့ကျသွားခြင်းမရှိပဲ ပို၍ပင် ဆိုးရွားလျှက်ရှိနေပြီး သတိထားဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PPNM

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!