သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

လိုင်ဇာဗဟိုဌာနချုပ်ကို အဓိက ခြိမ်းခြောက်နေသည့် ဘွမ့်ရေဘွမ့် တပ်စခန်းကြီးကို KIO သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

(ဆွမ်ပရာဘွမ်မြို့တွင်လည်း တိုက်ပွဲပြင်းထန်)

ခိုင်လူလှ (ရိုးမမြီ)/နိရဉ္စရာ၊ မတ် ၁၇/၂၀၂၄ 

စကခ (၂၁) ဗျူဟာမှူးကိုယ်တိုင် ထိုင်ထားသည့် စစ်ကောင်စီတပ်၏ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းကြီးကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီလောက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)  က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

၎င်း ဘွမ့်ရေဘွမ့် စစ်စခန်းသည် KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးတွင် တည်ရှိပြီး လိုင်ဇာအား အဓိက ခြိမ်းခြောက်နေသော စခန်းဖြစ်ကြောင်း သိရသည်။

၎င်းစခန်းအား  KIA က မတ်လ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း  KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသအတွင်းသတင်းမီဒီယာများကို အတည်ပြု ပြောဆိုသည်။

၎င်း ဘွမ့်ရေဘွမ့်တပ်စခန်းတွင်  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ ဗျူဟာမှူးကိုယ်တိုင် တပ်ထိုင်ထားသည့်  တပ်စခန်းဖြစ်သလို ၎င်းတပ်စခန်းကနေ လိုင်ဇာဌာနချုပ်ကို လက်နက်ကြီးများဖြင့်  ပစ်ခတ် ခြိမ်းခြောက်နေသည့်  တပ်စခန်းကြီးဖြစ်ကြောင်း၊ ၎င်းစခန်းသည် KIO လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေသည့်  စစ်ကောင်စီတပ်စခန်းများအထဲက အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။


ထွက်ပြေးလွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်သားများကို KIA ဆက်လက်တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့က စတင်ပြီး KIA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် AA နှင့် PDF တပ်ဖွဲ့တို့သည်   KIO လိုင်ဇာအနီးတဝိုက်မှာရှိသော ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ်ဘွမ့်၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းနှင့် ဒါဆိုင်း စသော စစ်တပ်စခန်းအကြီးများကို တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဖားကန့်ဒေသတွင်  သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားသည့် စစ်ကောင်စီတပ်၏  ဗျူဟာမြောက် တပ်စခန်းများကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက နှစ်ဆန်းပိုင်းမှ စတင်ပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေကာ ၂ လအတွင်း တပ်စခန်း ၁၀ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ကြောင်း၊ လက်ရှိမှာ KIA က ဖားကန့်ဒေသကို ၇၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

KIA နှင့်  ပူးပေါင်းတပ်များ  သိမ်းပိုက်ထားသည့်  တပ်စခန်းများမှာ  မြစ်ကြီးနား၊ မိုးညှင်း၊ စစ်ကိုင်း စသည့် ကားလမ်းမကြီးများနှင့်  ထိစပ်နေသည့် လမ်းကြောင်းပေါ်က အရေးပါသော  တပ်စခန်း များဖြစ်ကြသည်။

၎င်းပြင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ အခြေစိုက် စစ်ကောင်စီ​ ဗျူဟာစခန်းကိုလည်း KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၄ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု သိရသည်။

ဆွမ်ပရာဘွမ့်မြို့ပေါ်တွင် စစ်ကောင်စီ ခလရ (၄၆)  တပ်ရင်း အခြေစိုက်ထားပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များက ၎င်းတပ်ရင်းကို  ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်တပ်ဘက် ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသဖြင့် နှစ်ဖက်တပ်များအကြား အပြန်အလှန် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Ref: KNG/ Photo:

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!