စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီ​၏ မင်္ဂလာဒုံတပ်စခန်းဂိတ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြင်းအားမြှင့် အဝေးထိန်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 471

လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၄ / ၂၀၂၄


ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ မဟာမိတ်စစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝန်းအရှေ့ရှိ မင်္ဂလာဒုံတပ်စခန်းဂိတ်အား ပြင်းအားမြှင့်အဝေးထိန်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NOKA-UG က မေလ ၃ရက်နေ့တွင်ထုတ်ပြန်ထားသည်။


ယမန်နေ့ မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး NOKA-UG ရဲဘော်များ၊မဟာမိတ်ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ၏ DC တစ်စီး ထိခိုက်မှုရှိကြောင်း ကနဦးမြေပြင်သတင်းများအရ သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။


စစ်ထောက်လှမ်းရေးဝန်းကို တိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂ နှင့် NOKA-UG တို့ ပူးပေါင်း ကာလုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း  လည်းသိရသည်။


“ကျွန်တော်တို့ NOKA-UG ရဲဘော်များအနေဖြင့် ယနေ့ည (၀၇:၃၇) အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ မဟာမိတ်စစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံမြို့နယ်၊အောင်မင်္ဂလာအဝေးပြေးဝန်းအရှေ့ရှိ မင်္ဂလာဒုံတပ်စခန်းဂိတ်အား ပြင်းအားမြှင့် အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ NOKA-UG ရဲဘော်များအနေဖြင့် မဟာမိတ်အဖွဲ့များနှင့်အတူ လက်တွဲပူးပေါင်း၍ မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော မည်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို ပူးပေါင်းလက်တွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးအပ် ပါသည်။”ဟု NOKA-UG မှထုတ်ပြန်ထားသည်။


ရန်ကုန်တွင် မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သော ကြောင့် မိဘပြည်သူများအနေဖြင့်စစ်သား၊ ရဲများနှင့် ဝေးဝေးရှောင်ရှားနေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများ၏ ထောက်ပံ့မှုများလိုအပ်လျက်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန်လည်း တော်လှန်ရေးအဖွဲ့များမှ တိုက်တွန်းနှိုးဆော်ထားသည်။


ဓာတ်ပုံ - စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် NOKA-UG

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!