Preview

၇ခိုင်နှင့် ဗမာပြည်မသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ၃ခု ကို စစ်ကောင်စီပြန်ဖွင့်ပေး

မေ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :13718
ရခိုင် သတင်း

သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၁၂/၂၀၂၄

ရခိုင်ပြည်နှင့် ဗမာပြည်မအကြားရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ခုကို စစ်ကောင်စီမှပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီပိတ်ထားသည့် အမ်း-ပဒါန်း-မင်းဘူးကားလမ်းကိုယမန်နေ့က ပြန်ဖွင့်လိုက်ပြီး အမ်းမြို့ပေါ်သို့ ကုန်ကားနှင့်အံစာတုံးဟုခေါ်သည့် လူစီးကားများလည်း ဝင်ရောက်လျက်ရှိသည်ဟုအမ်းမြို့မှအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"  ကားသမားတွေကလည်း စစ်ကောင်စီနဲ့ ပေါင်းပြီး သွားလာကြတာ။ မနေ့ကလည်း ကုန်ကား ၆ စီးတွေဝင်တယ်။  စားနပ်ရိက္ခာပါတယ်။ဒီနေ့တောင်ကုန်ကားတွေထပ်လာနေတယ်ကြားတယ်။ သွားလာခွင့်ကို မြို့နယ်အုပ်ချုပ်ထုတ်ပြန်ထားတာတော့မှန်တယ် " ဟု ပြောသည်။

အမ်း-ပဒါန်း-မင်းဘူးလမ်းကိုပြန်လည် အသုံးပြုခွင့်ပြုလိုက်ကြောင်းကို  အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မေ ၁၀နေ့က ထုတ်ပြန်လိုက်ပြီး နောက်တစ်နေ့တွင်ကုန်ကားများမှာ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။

ဂွ-ငသိုင်းချောင်းလမ်းကိုလည်းယမန်နေ့ ၁၁ရက်နေ့ကနေ တရားဝင်ဖြတ်သန်းခွင့်ပြုလိုက်ပြီး ဂွ- ရန်ကုန် ကိုလည်းတစ်ဦးကိုငွေကျပ် သုံး သောင်းခွဲ (၃၅၀၀၀)ဖြင့် ပြန်လည်ပြေးဆွဲနေပြီဟုဂွမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"   အရင်တုန်းကပိတ်ထားပေမယ့် မှောင်ခိုသွားကြတာ။တစ်ယောက်ကို တစ်သိန်း ကျော်ပေး၇တယ်။ အခု ၃သောင်းခွဲ ။ကားသမားတွေက သတ်မှတ်တဲ့ဈေးပါ သူတို့အစည်းအဝေးလုပ်ကြတယ်။ကုန်ကားဆိုရင်ကုန်ကားအလျာက်ဈေး။  ဂိတ်တွေကလည်း သိပ်မစစ်ဘူး။ တစ်ခုရှိတာကဂွရိုးမမှာ အခုတလော စစ်သားတွေအများကြီး စစ်ကြောင်းထိုးနေတာ တွေ့၇တယ်"ဟုပြောသည်။

တောင်ကုတ်-ပြည်လမ်းကို စစ်ကောင်စီမှတရားဝင် သွားလာခွင့် မပြုသေးသော်လည်း စစ်ကောင်စီ မယကမှထောက်ခံစာဖြင့်သွားလာခွင့်ပြုထားသည်ဟု  တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်စပြီး ပိတ်ထားတာမှန်တယ်။ ဒါပေမယ့် စစ်ကောင်စီလမ်းကြောင်းကနေ သွားလာတာတွေတော့ရှိတယ်။တရားဝင်မဟုတ်ပေမယ့် မြို့နယ်အုပ်မှူးလက်မှတ်နဲ့ စစ်ကောင်စီဗိုလ်မှူးလက်မှတ်ပါရင်သွားလာခွင့်ရှိတယ်။  မနေ့ကတော့ အဲ့ဒီလက်မှတ်ပါတဲ့ လူတွေတောင် ပြန်လာရတယ်။  ပြည်မဖက်ကိုသွားတဲ့ ကုန်ကားတွေကိုပြန်လွတ်လိုက်လို့ ပြန်လာကြတယ်။ ဒီနေ့လည်းမသွားဘူး။ နောက်တစ်ခုကသံတွဲ ရွှေလှေ- တောင်ကုတ်လမ်းလည်း ပိတ်ထားသေးတယ် " ဟုပြောသည်။

စစ်ကောင်စီသည် ၇ခိုင်နှင့်ပြည်မကိုဆက်သွယ်ထားသည့်လ ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်)ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကို  ၇ခိုင်တွင်တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကနေ စတင်ပိတ်ထားခဲ့သည်။

လက်ရှိတွင်စစ်ကောင်စီသည် အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စုကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်းသိ၇သည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.