တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ဂုံးကောင်ရေသန်းချီသေဆုံးနေမှု အကြောင်းအရင်းကိုစစ်ဆေးမှုမလုပ်နိုင်သေးဟု ပြည်နယ်ငါးလုပ်ငန်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

နိရဉ္စရာ၊ ဧပြီ ၂၁ / ၂၀၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျားအိုချောင်းတွင် ဂုံး (clam) အကောင်ရေ သန်းချီသေဆုံးနေသည်ကို ဧပြီလအစောပိုင်းက ဒေသခံများ တွေ့ရှိခဲ့သော်လည်း သေဆုံးရသည့် အကြောင်းအရင်းကို ယနေ့ထိ စစ်ဆေးနိုင်ခြင်း မရှိသေးဟု သိရသည်။  

ရခိုင်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ယာယီဦးစီးမှူး ဦးထွန်းသိန်းက "ကျနော်တို့ဆီကို အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် ကျနော်တို့လည်း စစ်ဆေးမှု မလုပ်ရသေးဘူး။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ လေးချက်ရှိတယ်။ မီးစာကုန်ရင်လည်း သေတယ်။ ဆီခမ်းရင်လည်း သေတယ်။ မီးစာကုန်၊ ဆီခမ်းရင်လည်း သေတယ်။ လေပြင်းတိုက်ရင်လည်း သေတယ်။ ရာသီဥတုတွေ အပြောင်းအလဲ အပူချိန်တွေ ပြင်းလာတာနဲ့လည်း ဆိုင်နိုင်တယ်"ဟု ပြောသည်။

 

သို့သော်လည်း ၄င်းဂုံးများသေဆုံးမှုကိုမြို့နယ်အဆင့်က  ယနေ့ ဧပြီလ ၂၁ ရက်အထိ င်ပြလာခြင်း မရှိသေး၍ စစ်ဆေးမှုများ တစ်စုံတရာ မပြုလုပ်နိုင်သေးဟု ၎င်းက ဆိုသည်။

ဂုံးသေများကို တွေ့ရှိခဲ့သူ ကိုမျိုးလွင်က သေဆုံးနေသည့်ဂုံးသေများအား ဧပြီ ၂ ရက်ခန့်က ဒီရေသစ်ပင်များ စိုက်ပျိုးရန် သွားစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးနေသည်မှာ ၂ လခန့် ကြာမြင့်နိုင်သည်ဟု ပြောသည်။

"ခန့်မှန်းခြေအရဆိုရင်တော့ ၂ လလောက်ရှိပြီလို့တော့ ကျနော်တို့က အကြမ်းအားဖြင့် ခန့်မှန်းပါတယ်။ ၂၀၁၈ ကတော့ ရေထုညစ်ညမ်းလို့ သေတာပေါ့။ ရေထုညစ်ညမ်းတာကို ကျနော်တို့ မျက်စိနဲ့ ကိုယ်တိုင်မြင်ရတယ်။ အခုအချိန်မှာတော့ ရေအပြောင်းအလဲရှိတာတွေကို မတွေ့ရဘူး။ အခုကတော့ ဘာကြောင့် သေတယ်ဆိုတာကိုတော့ တိတိကျကျပြောဖို့ ခက်ခဲတယ်"ဟု ပြောသည်။

ယခုသေဆုံးသည့် ဂုံးများတွင် ဂုံးချောနှင့် ဒေသအခေါ် ဂုံးသွားကြဲ (ဂုံးသွားကဲ) များ အများဆုံးပါဝင်ပြီး ဂုံးသွားကြဲသည် ရခိုင်တွင် စျေးကွက်ဝင်သော ဂုံးတစ်မျိုးဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယခု ဂုံးများသေဆုံးနေသည့်နေရာသည် ၂၀၁၈ ခုနှစ်က သေဆုံးခဲ့သည့်နေရာနှင့် ပေ ၅၀၀ ခန့်သာ ကွာဝေးသည်ဟု ကိုမျိုးလွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်းတွင် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကျောက်ဖြူမြို့နယ်၊ လောင်းချောင်းမြစ်နှင့် အမ်းမြို့နယ် ကျားအိုချောင်းမြစ်တို့တွင်လည်း ဂုံးသေဆုံးမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့သည်။ (NN - 21)

 

Photo - Ko Myo Lwin

ဆက်စပ် သတင်းများ