သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

နှစ်ရှည်ထောင်ချခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်သမီးဖြစ်သူတို့ ထောင်ပြောင်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 706

စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့နှစ်ဦးစလုံးသည် မကြာသေးမီက ထောင်ပြောင်းရွှေ့ခံလိုက်ရကြောင်း မိသားစုဝင်များက နိရဥ္စရာကို အတည်ပြု ပြောသည်။


သားဖနှစ်ဦးအနက် သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည် ပြီးခဲ့သည့်ဇွန်လ ၉ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ ပဲခူးတိုင်းရှိ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်သည်ဟု အစ်မဖြစ်သူ မကြည်ကြည်ဦးက နိရဥ္စရာကို ပြောသည်။

မမိုးဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်း မြို့နယ်ရှိတိုက်ခန်းအတွင်းမှ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)တို့ဖြင့် ထောင် ၆ နှစ် ချခံရမှတ်ခံထားရသူဖြစ်သည်။

အလားတူ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည်လည်း ပြီးခဲ့သည့် မေလ အတွင်းက စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်ဟု သမီးဖြစ်သူ မကြည်ကြည်ဦးက ဆိုသည်။

 

အခုလို ထောင်ပြောင်းလိုက်တဲ့အပေါ် အထွေအထူးတော့ ပြောစရာမရှိပါဘူး။ သူတို့မှာ ပြောင်းချင်ရင် ပြောင်းတယ်။ ရွှေ့ချင်ရင် ရွှေ့တယ်ပေါ့ဟု ပြောသည်။

 

ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

နောက်တစ်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီးခံရကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ဦးညီပုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင် အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)ဖြင့် ထောင်ဒဏ် ၉ နှစ်၊ မဲမသာမှုပုဒ်မ ၁၃ဝ(က)တို့ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

သူတို့သားဖအား ယခုကဲ့သို့ ထောင်ပြောင်းလိုက်ခြင်းမှာ အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ ပြောင်းရွှေ့ခြင်းဖြစ်သော်လည်း အကျဉ်းသားများအပေါ် လူ့အခွင့်အရေးနှင့်အညီ အခွင့်အရေးပေးဖို့ လိုအပ်သည်ဟုလည်း ရခိုင့်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ထောက်ပြသည်။


အပြောင်းအရွှေ့ကတော့ သူတို့မှာ လုပ်ထုံးလုပ်နည်းအရ လုပ်တာ။ သို့သော် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပမာ ဆေးကုသခွင့်မရဘူး၊ မိသားစုနဲ့တွေ့ခွင့်မရဘူး။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပဲ။ လူ့အခွင့်အရေးဆိုင်ရာအကျဉ်းသားဥပဒေနဲ့ မှန်မှန်ကန်ကန် အကျဉ်းသားတွေကို အခွင့်အရေးပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်ဟု ပြောသည်။

ဦးညီပုတို့ သားဖနှစ်ဦးအနက် မမိုးဆန်းစုကြည်ကို ပြီးခဲ့သည့်ဇွန်လအတွင်း စီရင်ချက်ချချိန်တွင် တစ်ကြိမ် မိသားစုများက တွေ့ဆုံခွင့်ရခဲ့ပြီး  ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံတွင် မျက်စိခွဲစိတ်မှုခံယူနေရသည့် မေလ ၂၆ ရက်နှင့် ဇွန်လ ၁၆ ရက်တို့တွင်တစ်ကြိမ်စီ မိသားစုက တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

မကြည်ကြည်ဦးက မျက်စိကတော့ ခွဲပြီးသွားပါပြီ။ ဘယ်ဘက်မျက်လုံးကတော့ သိတဲ့အတိုင်း နည်းနည်းဝါးနေသေးတယ်လို့ ပြောပါတယ်။ ညာဘက်မျက်လုံးကတော့ ခွဲပြီးနောက်တော့ ကြည်ကြည်လင်လင်မြင်ရပါတယ်ဟု ပြောသည်။

ဦးညီပုသည် စစ်တွေထောင်တွင်ရှိနေချိန် ဘယ်ဘက်မျက်လုံးတွင် တိမ်ဖုံးသည့်ဝေဒနာမှာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လခန့်မှစတင်ကာ ပိုမိုပြင်းထန်လာခဲ့ပြီး ခွဲစိတ်ကုသမှုရရှိရန် မိသားစုက တစ်နှစ်ကျော်ကြာ အကြိမ်ကြိမ်တောင်းဆိုခဲ့ရသည်။

လက်ရှိတွင် ထောင်ပြောင်းခံလိုက်ရသည့် ဦးညီပုနှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့သည် ကျန်းကျန်းမာမာရှိနေကြသည်ဟု မိသားစုဝင်များက ပြောသည်။ (NN-16)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!