သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

လစဉ်သုံးပစ္စည်းများစျေးမြင့်တက်နေ၍ စစ်ဘေးရှောင်အမျိုးသမီးများအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 854

ရခိုင်တွင် အမျိုးသမီး လစဉ်သုံးပစ္စည်းများ လက်ရှိစျေးမြင့်တက်နေ၍ စစ်ဘေးရှောင် အမျိုးသမီးများအနေဖြင့် ဝယ်ယူမသုံးစွဲနိုင်ဘဲ အခက်အခဲတွေ့နေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးများက ပြောကြသည်။

လစဉ်သုံးပစ္စည်းများမှာ ယခင်က သာမန်တစ်ထုပ်ကို ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိရှိသော်လည်း လက်ရှိမှာ ၁၅၀၀ မှ ၁၈၀၀ ကျပ်အထိ စျေးမြင့်တက်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ''လက်ရှိ မှာ WFP ကပဲ ထောက်ပံ့ငွေရတာ။ အခုက ကုန်စျေးနှုန်းတွေ တက်နေတော့ အရင်ကထက် ပိုပြီး ငွေလိုတယ်။ မလုံလောက်ဘူး။ လစဉ်သုံးပစ္စည်းတွေ ဝယ်သုံးဖို့ ငွေအခက်အခဲတွေရှိကြတယ်'' ဟု ဆက်ပြောသည်။

လစဉ်သုံးပစ္စည်းများမှာ ယခင်နှစ်က ကူညီထောက်ပံ့ပေးမှုများရှိခဲ့၍ အမျိုးသမီးများအနေဖြင့် အဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင် လုံးဝ ထောက်ပံ့မှုမရှိသည့်အတွက် အခက်အခဲများရှိနေကြောင်း ၎င်းအမျိုးသမီးက ဆက်လက်ပြောဆိုသည်။

''ကျမတို့ကို အရင်နှစ်တွေက ကူညီပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်က ထောက်ပံ့တာမရှိဘူး။ ဓမ္မတာ ဖြစ်နေရင် အိမ်ထဲမှာပဲ နေနေရတယ်။ ဘယ်မှ မသွားတော့ဘူး'' ဟု ဆိုသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု ၈၀၊ လူဦးရေ ၄၀၀ ခန့်နေထိုင်လျက်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များအား WFP က လူတစ်ဦးလျှင် လစဉ် ၂၅၀၀၀ ကျပ် ထောက်ပံ့မှုတစ်ခုသာ ရှိနေသည့်အတွက် စားဝတ်နေရေး ဖူလုံမှုမရှိကြောင်း၊ ယင်းအတွက် ပြင်ပ အလှူရှင်များက ထောက်ပံ့မှုမရှိသည့်အခါ လစဥ်သုံးပစ္စည်းဝယ်ယူရန် ငွေကြေးအခက်အခဲများရှိနေ၍ မသုံးဘဲနေကြရသည်ဟု ဆိုကြသည်။

သို့သော်လည်း တချို့အမျိုးသမီးငယ်များမှာ ကျောင်းသူများဖြစ်သည့်အတွက် အကြွေးစနစ်ဖြင့် ဝယ်သုံးနေရသည်ဟုလည်း ဆိုကြသည်။ ယင်းအပြင် စစ်ဘေးရှောင်စခန်းများတွင် ယခင်က တာပေါ်လင်ဖြင့် ပြုလုပ်ထားသည့် ရေချိုးဆောင်များမှာ လက်ရှိတွင် မိုခါကြောင့် ပျက်စီးသွားရသည့် အတွက် အမျိုးသမီးများအတွက် ရေချိုးဆောင်များလည်း လိုအပ်နေသည်ဟု မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

''မိုခါနဲ့ နေအိမ်တွေရော အိမ်သာတွေပါ တစ်ခုမှမကျန်ခဲ့ဘူးလေ။ ဒါပေမဲ့ အခုက အိမ်သာတွေတော့ ကိုယ့်အားနဲ့ကိုယ် ဆောက်တာပေါ့။ ရေချိုးဆောင်က မဆောက်နိုင်သေးပါဘူး။ အမျိုးသမီးတွေအနေနဲ့ ရေချိုးဆောင်မရှိဘဲ ရေချိုးရတာအဆင်မပြေကြဘူး'' ဟု ဆိုသည်။ ယင်းကဲ့သို့ ရေချိုးဆောင်မရှိသည့် အတွက် တကိုယ်ရေလုံခြုံမှု အားနည်းနေသည်ဟု ယင်းစခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

''စခန်းမှာက မိန်းကလေး အငယ်တွေ များတယ်။ ရေချိုးရတဲ့အခါ ဒီတိုင်း ဟင်လင်းပြင်မှာပဲ ချိုးနေရတော့ မလုံခြုံသလို ခံစားကြရတယ်''ဟု ဆိုသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု ၄၁၀ ကျော်၊ လူဦးရေ ၂၅၀၀၀ ကျော် နေထိုင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး ထောက်ပံ့မှု ရပ်ဆိုင်းထားသည်။

ယင်းအပြင် နေရပ်ပြန်မည့်စစ်ဘေးရှောင်များအား စာရင်းကောက်ယူကာ ငွေကျပ် ၆ သိန်းနှင့် အသုံးအဆောင် ပစ္စည်းတချို့ ထောက်ပံ့မှုခဲ့သည်။ သို့သော်လည်း လက်ရှိတွင် စစ်ဘေးရှောင် စခန်းများမှ စစ်ဘေးရှောင်များမှာ ရေရှည်အတွက် စားဝတ်နေရေး အခက်အခဲနှင့် တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဆိုကြသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၄ နှစ်တာ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်အထိရှိခဲ့ရာမှ လက်ရှိတွင် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် ခြောက်သောင်းကျော်ရှိနေသေးသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းများအရ သိရသည်။ (NN-18)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!