စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရေလွှမ်းမိုးမှုကြောင့် မောင်တောရှိ တံတား ၃ စင်း ပျက်စီးသွား၍ အသွားအလာပြတ်တောက်နေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 545


(နယ်စပ်ကုန်သွယ်ရေးကားများအပါအဝင် ကုန်ကားအစီး ၃ဝ ကျော်လည်း ပိတ်မိနေဆဲ)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့်အတွက် တံတား ၃ စင်းပျက်စီးသွား၍ လက်ရှိအချိန်ထိ အသွားအလာပြတ်တောက်နေဆဲဟု ကားသမားများနှင့် ဒေသခံများက ပြောသည်။

ပျက်စီးသွားသည့်တံတားများမှာ မောင်တောမြို့နယ် ဝေသာလီ-ဥဒေါင်းသွား ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာကြား) ရှိ ရေထုတ်ပြွန်ကွန်ကရစ်တံတား၊ မောင်တောမြို့နယ်မြောက်ပိုင်း မောင်တော-အောင်သပြေကားလမ်းရှိ သစ်တုံးနားကျေးရွာအုပ်စုမှ လက်ျာချောင်းတံတားနှင့် ရဲအောင်စံရဖွေကျေးရွာအုပ်စုရှိ မာဇီးတံတားတို့ဖြစ်ကြသည်။

အဆိုပါတံတားများအနက် အနံ ၁ဝ ပေ၊ အလျား ၂၄ ပေရှိသော ရေထုတ်ပြွန်ကွန်ကရစ်တံတားမှာ တံတားကြမ်းခင်း ကွဲအက်ပျက်စီးခဲ့ပြီး လမ်းအပြင်ဘက် တံတားပေါင်ကြမ်းခင်း ငါးပေခန့်ကျိုးကျပျက်စီးခဲ့သည်ဟု သိရသည်။

ယင်းသို့ ပျက်စီးသွားမှုကြောင့် လက်ရှိအချိန်ထိ တံတားအားဖြတ်သန်းသွားလာနေရသည့် စစ်တွေမှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ထွက်ခွာလာခဲ့သော နယ်စပ်ကုန်သွယ်ရေးကားများအပါအဝင် ကုန်ကားအစီး ၃ဝ ကျော် ပိတ်မိနေသည်ဟု ကားသမားများက ပြောသည်။

ပိတ်မိနေသည့်ကုန်ကားသမားတစ်ဦးက၃ မိုင်ရောက်ခါနီးလေ။ အဲဒီနားလေးမှာ တံတားအတိုလေးပါ။ တံတားအတိုလေးက ဘေးပြိုကျပြီးတော့ အောက်က ရေထိုးတာနဲ့ဆိုတော့ ဝိတ်နဲ့ကား(ကုန်ပါသည့်ကား)ကို ပေးမဖြတ်တော့ဘူး။ လောလောဆယ်တော့ သူတို့ ယာယီဘေလီထိုးမယ်လို့တော့ ပြောသံကြားတယ်”ဟု ပြောသည်။

အဆိုပါပျက်စီးနေသည့်တံတားပေါ်မှ ကုန်မပါသည့်ကားများအပါအဝင် လူနှင့် ဆိုင်ကယ်များကိုမူ ဖြတ်သန်းခွင့်ပေးထားပြီး ကုန်ပါသည့်ကားများဖြတ်ပါက အန္တရာယ်ရှိနိုင်သည်ဟု ဆိုသည်။

မည်သည့်နေ့အထိ ဆက်လက်ပိတ်မိနေဦးမည်ဆိုသည်ကို မခန့်မှန်းနိုင်သေးကြောင်းလည်း သူက ပြောသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ သစ်သားတံတားများဖြစ်ကြသော အလျားပေ ၂၆ဝ၊ အနံ ၁၂ ပေရှိသော လက်ျာချောင်းတံတားနှင့် အလျားပေ ၂ဝဝ၊ အနံ ၁၂ ပေရှိသော မာဇီးတံတားတို့မှာ တံတားပေါ်သို့ ရေကျော်လွန်လွှမ်းမိုးခဲ့၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဒီတံတားတွေက ဒီနေ့ထိ သွားလာလို့ အဆင်မပြေသေးဘူး။ အစိုးရကလည်း ပြင်မပေးနိုင်သေးဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က မောင်တောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ပြင်းထန်စွာကျဆင်းခဲ့မှုကြောင့် ကားလမ်းပေါ်ရေကျော်ကာ အဆိုပါတံတား ၃ စင်း ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့က တောင်ကျရေများစီးဆင်းကာ ချောင်းရေလျှံလာပြီး မောင်တောမြို့နယ်၊ သစ်တုံးနားကျေးရွာအုပ်စုရှိ နေအိမ်များ ရေနစ်မြုပ်ခဲ့၍ ဒေသခံ ၂ဝဝ ကျော်လည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် ပျက်စီးသွားသည့် တံတား ၃ စင်းအနက် ကုန်ကားများဖြတ်သန်းသွားလာနေရသည့် ရေထုတ်ပြွန်ကွန်ကရစ်တံတားပျက်စီးခဲ့မှုကို သြဂုတ်လ ၉ ရက်၊ ညနေပိုင်းက မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြင်ဆင်နိုင်ရန် လမ်းညွှန်ခဲ့သည်ဟု သိရသည်။ 

 

ဓာတ်ပုံ - ကွန်ကရစ်တံတားငယ်ပျက်စီးနေ၍ ကုန်ကားများ ပိတ်မိနေသည်ကို သြဂုတ်လ ၁ဝ ရက်၊ နံနက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!