စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သံတွဲ - ဂွ ကားလမ်းပေါ်ရှိ ကြွေချိုင်တံတား သုံးရက်ကြာပြုပြင်နေရ၍ ကားများပိတ်ဆို့မှုရှိနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 696

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ဂွမြို့နယ်ကြား ကျိန္တလီမြို့နယ်ခွဲအတွင်း ကားလမ်းပေါ်တွင်ရှိသည့် ကြွေချိုင်တံတားတွင် ကြမ်းခင်းသံပြားများ ဟောင်းနွမ်းပျက်စီးလာနေ၍ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ သုံးရက်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်ကာ ပြုပြင်နေသည့်အတွက် ကားများပိတ်ဆို့မှုရှိနေကြောင်း သတင်းရရှိသည်။




လက်ရှိတွင် အဆိုပါကြွေချိုင်တံတားအား ကားနှင့်ဆိုင်ကယ်များဖြတ်သန်းသွားလာခွင့်ပိတ်ထားကာ တံတားအောက်ခင်း သံပြားများကို ခင်းနေကြောင်း သံတွဲမြို့မှ တုတ်တုတ်မောင်းသူ ဦးသောင်းထွန်းက နိရဥ္စရာသို့ပြောသည်။

"ည ၆ နာရီကျော်မှ ဖြတ်သန်းလို့ရအောင်လုပ်ပေးမယ်။ နောက်တစ်နေ့ မနက် ၈ နာရီအထိပေါ့။ ပြီးရင်ပြန်ပိတ်မယ်လို့သိရတယ်။ အခုလက်ရှိတော့ တံတားအောက်ခင်းသံပြားတွေခင်းနေတာတွေ့ရတယ်" ဟု ပြောသည်။

ယင်းသို့ ၁ဝ နာရီကြာ ဖြတ်သန်းသွားလာခွင့်ပိတ်၍ တံတားပြုပြင်မှုကို ယနေ့ သြဂုတ်လ ၁ဝ ရက်မှစတင်ကာ ဩဂုတ်လ ၁၂ ရက်ထိ သုံးရက်တိုင်ပြုလုပ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သိပေးဆိုင်းဘုတ် စိုက်ထူ အသိပေးထားကြောင်းလည်း သိရသည်။




ယနေ့နံနက်ပိုင်းက တံတားပိတ်ပြီး လုပ်ငန်းစတင်နေသည့်အတွက် ဖြတ်သန်းသွားလာရမည့်ယာဉ်တချို့မှာ ရပ်တန့်စောင့်ဆိုင်းနေရသည့်အခြေအနေရှိကြောင်း ဦးသောင်းထွန်းက ပြောသည်။

"ကားတွေတော်တော်များများပိတ်နေတယ်။ လမ်းကလည်း အဝေးပြေးလမ်းဖြစ်နေတယ်လေ။ သံတွဲဘက်ကရော၊ ဂွမြို့နယ်ဘက်ကပါ နှစ်ဘက်စလုံးယာဉ်တွေရပ်နေရတယ်။ ခရီးသည်တင်ကားတွေရော။ ကုန်တင်ကားတွေရော၊ အကုန်ရပ်နေရတာတွေ့ခဲ့တယ်။ ကျွန်တော်လည်း လမ်းပိတ်ထားလို့ သံတွဲဘက်ပြန်လှည့်လာခဲ့ရတယ်" ဟု ပြောသည်။

ကြွေချိုင်တံတားသည် ဂွမြို့နှင့် မိုင် ၃၀ ခန့်၊ သံတွဲမြို့နှင့် မိုင် ၅၀ ခန့်အကွာ ကျိန္တလီမြို့နယ်ခွဲ၊ ကြွေချိုင်ကျေးရွာအနီးတွင်တည်ရှိပြီး ဘေလီတံတားအမျိုးအစားဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါလမ်းမှာ သံတွဲ- ဂွ ကားလမ်းတစ်ခုတည်းသာမဟုတ်ဘဲ ရခိုင်မြို့နယ်များနှင့် ရန်ကုန်သို့ ကားများပြေးဆွဲနေသည့်လမ်းဖြစ်သဖြင့် ၃ ရက်တိုင် တံတားပိတ်၍ ပြင်ဆင်နေပါက ကားများပိတ်ဆို့မှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရဲဘော်သောင်းထွန်း



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!