စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မောင်တော-အငူမော်ကားလမ်းရှိ လမ်းပိုင်းအချို့ ဆိုးဝါးစွာပျက်စီးနေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 497

(ဥဒေါင်းနှင့် ၃ မိုင်ကြားရှိလမ်းပိုင်း အလွန်တရာဆိုးဝါးစွာပျက်စီးနေ၍ သွားလာရခက်ခဲနေဟုဆို)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်တရာအရေးပါသည့် မောင်တော-အငူမော်ကားလမ်းမှ လမ်းပိုင်းအချို့သည် ဆိုးဝါးစွာပျက်စီးနေ၍ သွားလာရခက်ခဲနေသည်ဟု ကားသမားများက ပြောသည်။

အဆိုပါကားလမ်းပေါ်ရှိ မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာနှင့် ၃ မိုင်ကျေးရွာကြားလမ်းပိုင်းမှာ အလွန်တရာဆိုးဝါးစွာပျက်စီးနေ၍ ကားဘီးများ နစ်ကာ ညအိပ်သွားလာနေရသည်ဟု ကားသမားများက ပြောသည်။

ကုန်ကားသမားတစ်ဦးက “ချိုင့်တစ်ချိုင့်စီက နည်းနည်းနောနောဟာကြီးတွေမှ မဟုတ်တာ။ လမ်းမှာ ကားဘီးတွေနစ်နေလို့ သွားမရတော့လို့ ကျနော်တို့တွေ လမ်းမှာ ညအိပ်ရတယ်။ အဲလိုမျိုး အနေအထားတွေဖြစ်တယ်။ ကားသမားတွေ ကိုယ်ထူကိုယ်ထ ပိုက်ဆံတွေစုပြီး အဲလိုမျိုး ကျောက်ဝယ်ပြီးတော့ ဖြည့်ပြီးတော့ သွားရတယ်”ဟု ပြောသည်။

ယခုပျက်စီးနေသည့်လမ်းပိုင်းများသည် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခြင်းမျိုးမဟုတ်ဘဲ ယခင်ကတည်းက ပျက်စီးနေခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။


ယင်းသို့ ပျက်စီးနေမှုကို အစိုးရကလည်း ပြုပြင်ပေးခြင်းမရှိ၍ အလျင်အမြန် ပြုပြင်ပေးစေလိုသည်ဟုလည်း ကားသမားများက တောင်းဆိုနေကြသည်။

မောင်တော-အငူမော်ကားလမ်းသည် အရှည်မိုင် ၅ဝ ခန့်ရှိသည်ဟုလည်း သိရသည်။

အဆိုပါလမ်းကို Asia World ဖောင်ဒေးရှင်းက ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါလမ်းပိုင်းအတွင်း မောင်တောမြို့နယ် ဝေသာလီ-ဥဒေါင်းသွား ကားလမ်းပိုင်း မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာကြား) ရှိ အနံ ၁ဝ ပေ၊ အလျား ၂၄ ပေရှိသော ရေထုတ်ပြွန်ကွန်ကရစ်တံတားငယ်သည် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က ရေလွှမ်းမိုးခံရ၍ ပျက်စီးသွားခဲ့သည်။

ယင်းတံတားငယ်ကို ယမန်နေ့ သြဂုတ်လ ၁ဝ ရက်၊ ညနေပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ယာယီပြုပြင်ပြီးသွားပြီဖြစ်၍ ပိတ်မိနေခဲ့သည့် ကုန်ကားအစီး ၃ဝ ကျော်လည်း ယမန်နေ့ကပင် ဖြတ်သန်းသွားလာနိုင်ခဲ့ပြီဟု သိရသည်။

သြဂုတ်လ ၆ ရက်က ရေလွှမ်းခံခဲ့ရ၍ မောင်တောမြို့နယ်မြောက်ပိုင်း မောင်တော-အောင်သပြေကားလမ်းရှိ သစ်တုံးနားကျေးရွာအုပ်စုမှ လက်ျာချောင်းသစ်သားတံတားနှင့် ရဲအောင်စံရဖွေကျေးရွာအုပ်စုရှိ မာဇီးသစ်သားတံတားတို့သည်လည်း ပျက်စီးသွားခဲ့သည်။

ယင်းတံတားနှစ်စင်းကိုလည်း လက်ရှိတွင် အစိုးရက ပြန်လည်ပြုပြင်နေဆဲဖြစ်၍ ကားနှင့် ဆိုင်ကယ်များ သွားလာ မရသေးဟု တမန်းသားကျေးရွာသားတစ်ဦးက ပြောသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!