စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်လူသတ်မှု ကျူးလွန်သူဟုသံသယရှိသည့် စစ်ကောင်စီတပ်သားလင်မယားကို ရဲက စစ်တပ်ထံလွှဲပြောင်းလိုက်၍ အမှုပျောက်ဆုံးသွားမည်ကို မိသားစုဝင်များစိုးရိမ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 864

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ တောင်ကုတ်တက္ကသိုလ်အနီး ကြက်ခြံပိုင်ရှင်တစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရသည့်အမှုတွင် ကျူးလွန်သူဟုသံသယရှိသည့် စစ်ကောင်စီတပ်သားလင်မယားနှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းက ဖမ်းထားပြီးမှ စစ်တပ်ထံလွှဲပြောင်းပေးလိုက်၍ အမှုမှန်ပျောက်ဆုံးမည်ကို စိုးရိမ်ကြောင်း သေဆုံးသူ၏မိသားစုဝင်များက ပြောသည်။

အဆိုပါအမှုတွင် ကျူးလွန်သူဟုသံသယရှိသူများမှာ တောင်ကုတ်မြို့ ခမရ ၃၄၆ မှ စစ်ကောင်စီတပ်သားလင်မယားနှစ်ဦးတို့ဖြစ်သည်။

သူတို့နှစ်ဦးကို သက်သေခံပစ္စည်းဖြစ်သည့် အသတ်ခံခဲ့ရသော ဦးစံသိန်းအောင်၏ဖုန်းအား တောင်ကုတ်မြို့ရှိ ဖုန်းဆိုင်တစ်ခုအတွင်း ဩဂုတ်လ ၂ ရက်က Lock လာဖြည်စဉ် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အသတ်ခံရသူ၏ဇနီး ဒေါ်ချိုချိုသက်နှင့် မြို့ခံများက ပြောသည်။

သို့သော် ဖမ်းမိသည့်နေ့မှာပင် ရဲက စစ်တပ်လက်ထဲသို့ ပြန်အပ်လိုက်သည့်အတွက် အမှုပျောက်သွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်ချိုချိုသက်က နိရဥ္စရာသို့ပြောသည်။

"ကျွန်မယောက်ျားကို သင်္ဂြိုလ်ပြီးတဲ့နေ့မှာပဲ တရားခံကိုဖမ်းမိတယ်လို့ သတင်းကြားထားပါတယ်။ ဖုန်းဆိုင်မှာ ကျွန်မယောက်ျားရဲ့ဖုန်းကို ဖုန်းဆိုင်မှာ Lock လာဖြည်တာမှာ ဖမ်းမိတာပါ။ ဒါပေမယ့် ဖမ်းမိတဲ့နေ့မှာပဲ ရဲစခန်းကနေ တပ်ကိုပြန်လွှဲပေးလိုက်တယ်လို့ ကြားတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲစခန်းကလည်း ကျွန်မတို့ကို ဘာမှမပြောဘူး။ မေးလို့လည်းမရဘူး။ စခန်းမှူးကိုလည်း ကျွန်မတို့မေးတယ်။ ဘာမှမပြောပါဘူး" ဟု ပြောသည်။

အသတ်ခံခဲ့ရသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက် တာဝတိံသာလမ်းမှ ဥစားကြက်ခြံလုပ်ငန်းပိုင်ရှင် ဦးစံသိန်းအောင်(၄၅)နှစ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်၊ ည ၉ နာရီက ၄င်းပိုင်သည့်ကြက်ခြံမှအပြန် တောင်ကုတ်တက္ကသိုလ်အနီး ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်နှင့် မီးချောင်းထိုးကျေးရွာကြားကားလမ်းတွင် သတ်ဖြတ်ခံခဲ့ရကာ ၄င်းပိုင် ဆိုင်ကယ်နှင့် ဖုန်းတို့လည်း လုယူခံခဲ့ရခြင်းဖြစ်သည်။

လည်ပင်းကို ဓားဖြင့်လှီးဖြတ်ခံထားရသည့်ဒဏ်ရာအပါအဝင် ဝဲဘက်ရင်အုံအောက်နှင့် အထက်ဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် လည်ပင်းရိုး ခုတ်ထစ်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစံသိန်းအောင်၏အလောင်းကိုတွေ့ရှိသည့်နေရာတွင် အရွယ်အစားမတူသည့် အမျိုးသားစီး ဖိနပ်နှစ်ဘက်အပြင် မိုးကာအကျႌတစ်ထည်ကိုလည်း တွေ့ကြောင်း အသတ်ခံရသူ၏ဇနီး ဒေါ်ချိုချိုသက်က ပြောသည်။

ဦးစံသိန်းအောင်ကို သင်္ဂြိုလ်ပြီးသည့် ဩဂုတ်လ ၂ ရက်တွင် လူသတ်မှုကျူးလွန်သူဟုသံသယရှိကို ဖမ်းမိသည်ဟု ရဲတပ်ဖွဲ့နှင့် မြို့ခံများကြား သတင်းထွက်ပေါ်လာသည့်အတွက် တောင်ကုတ်မြို့မရဲစခန်းမှူးကို သွားရောက်မေးမြန်းသော်လည်း တစ်စုံတစ်ရာပြောဆိုအသိပေးခြင်းမရှိကြောင်း သူမက ဆက်ပြောသည်။

"အခုကတော့ ကျွန်မယောက်ျားကသေတော့ သေသွားပြီပေါ့။ ဒါပေမယ့် မှန်မှန်ကန်ကန်နည်းနဲ့ ကျောသားရင်သားမခွဲခြားဘဲနဲ့ ချပြစေချင်ပါတယ်။ ကျွန်မကလည်း ကာယကံရှင်ဆိုတော့ သိချင်ပါတယ်။ အခုက ဘာမှလည်းမသိရဘဲ ကျွန်မတို့ကို လူတယောက်လိုသဘောမထားတာမျိုး၊ အသက်ရှိတဲ့လူတယောက်လိုမဟုတ်ဘဲ ခွေးတကောင်၊ ကြောင်တစ်ကောင်လောက်တောင် တန်ဖိုးမထားဆက်ဆံတာမျိုးဖြစ်နေတော့ ပိုပြီးနာကျင်ရပါတယ်" ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်ရဲတပ်ဖွဲ့အနေဖြင့် သတင်းထိန်ချန်ထားကြောင်းလည်း တောင်ကုတ်မြို့ခံများက နိရဥ္စရာသို့ပြောသည်။

သံသယရှိသူကို ဖမ်းမိသည်ဆိုသည့်နေ့တွင် တောင်ကုတ်မြို့မရဲစခန်းမှူးအား နိရဥ္စရာသတင်းဌာနက အမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ လူကြီး(VIP)လမ်းကြောင်းရှိသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

လက်ရှိတွင် ဦးစံသိန်းအောင်သေဆုံးသည်မှာ ရက်သတ္တနှစ်ပတ်ပြည့်ခဲ့သော်လည်း ရဲတပ်ဖွဲ့က အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေး၍ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဒေါ်ချိုချိုသက်က တောင်းဆိုနေသည်။

"ကျွန်မမှာအခု ကလေးသုံးယောက်နဲ့ အဖေအိုကြီးတစ်ယောက်နဲ့နေရပါတယ်။ ကလေးသုံးယောက်မှာ အငယ်ဆုံးက လေးနှစ်ပဲရှိပါသေးတယ်။ အားကိုးရာလည်း မရှိတော့ပါဘူး။ အရမ်းကိုစိတ်အားငယ်ရပါတယ်။ ဘုရား၊ တရား၊ သံဃာဦးထိပ်ထားပါတယ်။ ကျွန်မယောက်ျားကိုသတ်ခဲ့တဲ့သူတွေ သူတို့အပြစ်ကိုခံစေချင်ပါတယ်" ဟုပြောသည်။

အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းမှူးအား ယနေ့ဩဂုတ်လ ၁၂ ရက်တွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ

လုယက်သတ်ဖြတ်ခံခဲ့ရသူ ဦးစံသိန်းအောင်တွင် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအလွန် တောင်ကုတ်-မအီကားလမ်းဘေး၌ ကြက်ခြံတစ်ခြံရှိပြီး ရန်မျိုးကျေးရွာတွင်လည်း ကြက်ခြံတည်ဆောက်နေသူဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နေ့လယ်ပိုင်းကလည်း ရွှေဆိုင်တစ်ဆိုင်အား နေ့ခင်းကြောင်တောင်ဓားပြဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးထဲမှ တစ်ဦးကို ရွှေထည်ပစ္စည်းများနှင့်အတူ ၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထိုသို့ နေ့ခင်းကြောင်တောင်ဓားပြတိုက်မှု၊ လမ်းသွားလမ်းလာများကို လုယက်သတ်ဖြတ်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်နေသည့်အမှုများရှိလာနေသည့်အတွက် မြို့ခံများအနေဖြင့် စိုးရိမ်မှုမြင့်တက်နေကြသည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!