ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ သွားရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 662

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေးကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့ဝင် ၃၄ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ သွားရောက်ပြီး ယနေ့နံနက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်၊ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကော့စ်ဘာဇားခရိုင်၊ တက်ကနက်မြို့ဆိပ်ကမ်းကို စက်လှေ ၂ စီးနှင့် ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှာ ဘင်္ဂလာအာဏာပိုင်များမှ စီစဉ်ထားသည့် တက်ကနက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဒုက္ခသည်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်သည်ဟု ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရာချထားရေး ကော်မရှင်နာ မိုဟာမတ် မီဇာနူရ် ရော်ဟာမန်က ပြောဆိုကြောင်း အိုခီးယား သတင်းတွင် ဖော်ပြသည်။

“ဒုက္ခသည် ကိုယ်စားလှယ်များနှင့် မြန်မာကိုယ်စားလှယ်များ ယခုတွေ့ဆုံမှုတွင် နှစ်ဘက်ကြားဆွေးမှုမှ တစ်ဆင့် အကျပ်အတည်းများကို ဖယ်ရှားပြီး ယုံကြည်မှုတည်ဆောက်ကာ ဒုက္ခသည်များ မကြာမီ နေရပ်ပြန်နိုင်ရေးမျှော်လင့်သည်”ဟု ဆိုထားသည်။

အဆိုပါအဖွဲ့သွားရောက်နေသည်မှာ မှန်ကန်ပြီး ဘင်္ဂလာဒေ့ချ်ရှိ ဒုက္ခသည်များအပါအဝင် အာဏာပိုင်များနှင့်တွေ့ဆုံရန်ရှိသည်ဟု ဒုက္ခသည်များနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များပြန်လည် လက်ခံရေးနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်နှစ် မတ်လ ၁၅ ရက်နှင့် မေလ ၂၃ ရက်နေ့တို့တွင်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလာဒေ့ချ်နိုင်ငံကို သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း မွတ်ဆလင်ဒုက္ခသည်များအပါအဝင် အဖွဲ့ဝင် ၂၀ ဦးပါ၀င်သည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်များ ပြန်လည်လက်ခံရေး စခန်း များဖြစ်သည့် ငခူရ၊ တောင်ပြို လက်ဝဲနှင့် လှဖိုး ခေါင်စသည့် စခန်းများကို သွားရောက်လေ့လာခဲ့ကြသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA လက်နက်ကိုင်အဖွဲ့က မြန်မာနယ်ခြားစောင့် စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်ဆလင်များမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

လက်ရှိအချိန် ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကော့စ်ဘာဇားခရိုင်အတွင်းရှိ တက်ကနက်နှင့် အိုခီးယားမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်း ၃၃ ခုတွင် မွတ်ဆလင်ဒုက္ခသည် ၁၂ သိန်းကျော် နေထိုင်နေကြသည်ဟု သိရှိရသည်။

ဘင်္ဂလာဘက်ကို ထွက်ပြေးသွားသည့် မွတ်ဆလင်ဒုက္ခသည်များအထဲမှ ကနဦးအနေဖြင့် ဒုက္ခသည် ၇၀၀၀ ကျော်ကို လက်ခံမည်ဟု လွန်ခဲ့သည့်ဧပြီလ ၄ ရက်နေ့တွင် စစ်ကောင်စီက ပြောဆိုထားသည်။

ရခိုင်ပြည်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေးလုပ်ငန်းကို မည်သည့်အချိန်တွင် မဆို စတင်နှိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောဆိုထားသည်။ (NN-14)

ဓာတ်ပုံ - Ukiya

ဆက်စပ် သတင်းများ