ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက (၆) ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

“ စစ်ကောင်စီတပ် စိတ်ဓာတ်ရေးရာ ပျက်ပြားလာခြင်းများကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာသည့် တပ်ဖွဲ့ဝင် အရေအတွက်မှာ တနေ့ထက်တနေ့ များပြားလာ”

ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ (၆) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ ည (၇:၃၀) အချိန်တွင် ထုတ်ပြန်ချက်အရ

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး  အတွင်း “စစ်ရှိန်မြင့်တက်လာခြင်း၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်ရေးပန်းလာခြင်းနှင့် အထက်အမိန့်ကို မဖီဆန်နိုင်၍သာ တာဝန်ထမ်းဆောင်နေရသဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားလာခြင်းများကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ တနေ့ထက်တနေ့ များပြားလာ” ဟု ဖော်ပြသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+ TNLA+ AA) မှ ထုတ်ပြန်ထားသည့်

စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့ထိ (၆) ရက်မြောက် တိုက်ပွဲသတင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

(၁) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်၊ နံနက် (၄:၀၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မူပန် (သိန္နီ) ဒေသလုံခြုံရေးအဖွဲ့တို့သည် ကွမ်းလုံမြို့နယ်၊ စစ်ကောင်စီ၏ “အမြောက်တပ်ရင်း (၁၂၇) စခန်း” အား စတင် ထိုးစစ်ဆင်ခဲ့ပြီး နံနက် (၄:၁၀) အချိန်ခန့်တွင် ၎င်းစခန်း၏ ဒုတိယတန်းကာကွယ်ရေးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

 

(၂) နံနက် (၇:၀၀) အချိန်ခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ စစ်ကောင်စီ၏ “မန်တုံပတပ်စခန်း” အား အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့သည်။

 

(၃) နံနက် (၉:၀၈) အချိန်ခန့်တွင် ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြေပြင်ရှင်းလင်းရေးများ လုပ်ဆောင်နေချိန်တွင် ရန်သူ့စစ်သုံ့ပန်း (၃) ဦးဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားသည်။

(၄) တအာင်းပြည်နယ်၊ တပ်မဟာ(၅) စစ်ဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ၏ “ရင်ကွဲတောင်တပ်စခန်း” အား နေ့လည် (၃း၁၅) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

 

(၅) တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” အား နေ့လည် (၃:၄၅) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

 

(၆) ညနေ (၄း၃၀) အချိန်ခန့်တွင် တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အုမ္မခါးဘက်တွင် စစ်ကောင်စီဘက်မှ စစ်ကား (၂၂) စီးဖြင့် စစ်ကူများရောက်ရှိလာသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

 

(၇) နေ့လည် (၁၁:၁၅) အချိန်ခန့်တွင် စစ်ကောင်စီသည် တအာင်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ (၅၀၂) တပ်စခန်းမှ နောင်ပြစ်ကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အုမ္မခါးနှင့် ဆမ်မဆယ်ကျေးရွာအနီးသို့ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့သည်။

 

(၈) စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် ၁၀၂၇ စစ်ဆင်ရေး ၏ စစ်ရှိန်မြင့်တက်လာခြင်း၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်ရေးပန်းလာခြင်းနှင့် အထက်အမိန့်ကို မဖီဆန်နိုင်၍သာ တာဝန်ထမ်းဆောင်နေရသဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားလာခြင်းများကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ တနေ့ထက်တနေ့ များပြားလာသည်။

 

(၉) ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ စစ်ရှိန်မြင့်နေသော တအာင်းပြည်နယ်အတွင်း နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ စသည့် နေရာဒေသများရှိ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

 

(၁၀) စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ နေ့လည် (၁:၀၀) ဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် (၁) ကြိမ်၊ ညနေ (၄:၅၇) အချိန်ခန့်တွင် (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

(၁၁) စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့လုပ်ဆောင်ခြင်းများသည် ပိုမိုမြင့်တက်လာလျက်ရှိသည်။

 

ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ (၆) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့သည်။

 

(တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသော ရန်သူ့စစ်သုံ့ပန်းများ၊ လက်နက်ချအညံ့ခံလာသော စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ စာရင်းနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား ဆက်လက်ထုတ်ပြန်သွားပါမည်။)

 

မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါက အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်ဟု ဖော်ပြထားသည်။

 

သတင်းနှင့် ဓာတ်ပုံ-  Ta’ang State TV

ဆက်စပ် သတင်းများ