တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

(၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လုံခြုံရေးအထူအထပ်ဖြင့် အကျဉ်းချုံးပြီး စစ်တွေမြို့တွင် ကျင်းပ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 694

( အနှစ်သာရမရှိ လေဖြင့်ပေးသည့် ပြည်နယ်နေ့ကို နားမယောင်ကြရန်နှင့် ရက္ခိုင့်တပ်တော်နှင့် အတူ လက်တွဲဝိုင်းဝန်းပါဝင်ကြရန် ဦးဖေသန်းတိုက်တွန်း)

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်ခဲ့သည့် (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လုံခြုံရေးထူထူထပ်ထပ်ဖြင့်  စစ်တွေမြို့ ခိုင်သဇင်ပန်းခြံတွင် ကျင်းပခဲ့သည်။

၎င်းအခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုင်ထင်လတ်ဦး၊ စစ်ကောင်စီသာသနာရေးနှင့် ယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်၊ ယခင်စစ်ကောင်စီအဖွဲ့ဝင်(ငြိမ်း) ဒေါက်တာအောင်ကျော်မင်း အပါအဝင် ရခိုင်ပြည်နယ် တရားသူကြီးအပါအဝင် ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြခဲ့ကြသည်။

အခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာကို စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဖတ်ကြားသည်။ ၎င်းနောက် ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်ဟုဆိုသည်။


အခမ်းအနားတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြသူများအား လူမှုထူးချွန်ဆုများနှင့် မှတ်တမ်းဂုဏ်ပြုလွှာအပါအဝင် ဆုပေါင်း ၂၅၈ ဆုကို ချီးမြင်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်နေ့သည့် ၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အ​ခြေခံဥပဒေဖြင့် ပေါ်ပေါက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် နှစ်ပေါင်း (၄၉) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၎င်းပြည်နယ်နေ့သည် အမည်ခံရခိုင်ပြည်နယ်နေ့သာဖြစ်ပြီး မြန်မာအုပ်ချုပ်သူများက လေဖြင့် ပေးထားသည့် ပြည်နယ်နေ့သာဖြစ်သဖြင့် ရခိုင်ပြည်သူများအနေဖြင့် နားမယောင်ကြရန်နှင့် လက်ရှိ ရက္ခိုင့်တပ်တော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရန် ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းတိုက်တွန်း ပြောဆိုသည်။

"  ဒီအချိန်ဟာ ရခိုင်ပြည်အတွက်အရေးကြီးသလို ရက္ခိုင့်တပ်တော်နောက်မှာ  ပြည်သူလူထုက သွေးစည်းညီညွတ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်ပြန်ရရှိဖို့ ကြိုးစားရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ အနှစ်သာရမရှိ စစ်ကောင်စီက မစားရဝခမန်းပြောတဲ့ လေနဲ့ ပေးတဲ့ အခွင့်အရေးဆိုတာတွေကို မမက်မောကြဖို့လိုပါတယ်။ ကိုယ့်အချုပ်အချာအာဏာ ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ တပ်တော်နဲ့အတူ လက်တွဲ ဝိုင်းဝန်းပါဝင်မှသာလျှင် မိမိတို့အတွက် စစ်မှန်တဲ့ အခွင့်အရေးတွေကို ရရှိလာမှာဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် ရရှိလာသည်မှာ ၂၀၂၃ ဒီဇင်ဘာ ၁၅ ရက်နေ့က (၄၉) နှစ် တိုင်လာခဲ့ပြီ ဖြစ်သော်လည်း ပြည်နယ်တစ်ခု၏ အနှစ်သာရဖြစ်သည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်စသည့် အခွင့်အရေးများ လုံး၀ မရရှိသည့်အပြင် ပါတီစုံရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်းတွင် မဲနိုင်သော်လည်း အုပ်ချုပ်ခွင့်မရဘဲ ပြည်မပါတီများနှင့် ဗမာစစ်ဗိုလ်ချုပ်များကသာ ရခိုင်ပြည်နယ်ကို  အစဉ်အဆက် ကြိုးကိုင် အုပ်ချုပ်လာသည်ဟု သိရှိရသည်။

ဓာတ်ပုံ- သိကြားစေချင် ငွေသဇင်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!