တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ တောကန်ရွာရှိ အဆောင်အချို့ကို စစ်ကောင်စီမီးရှို့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ တောကန်ရွာရှိ အဆောင်တချို့ကို စစ်ကောင်စီက ဝင်ရောက် မီးရှို့သွားသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့နယ်၊တောကန်ကျေးရွာတွင် ယနေ့ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉နာရီကျော်ခန့်က စစ်အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲသို့ဝင်ရောက်ပြီး အဆောင်တချို့ကို မီးရှို့ ဖျက်ဆီးသွားသည်ဟု  ရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" စစ်သားအယောက် ၈၀လောက်ပါတာ။ ဘယ်သူ့မှ သူတို့ဝင်လာတာကို မသိလိုက်ဘူး။ အဆောင် သုံးဆောင်ကို မီးရှို့သွားတယ်။  ULA က လူတွေနေတဲ့ အဆောင်တွေဆိုပြီး သူတို့ မီးရှို့တာ" ဟုပြောသည်။

အ‌ဆိုပါစစ်ကောင်စီများသည်  တောကန် ရွာထဲကိုဝင်လာပြီး ယင်းရွာကူတိုးဆိပ်မှတဆင့် ဝါဘို‌ ကျေးရွာဘက်သို့ သွားပြီး ယင်းမှ တစ်ဖန် ရွာထဲသို့ပြန်ဝင်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု  တောကန်ဒေသခံ အမျိုးသမီး တစ်ဦးကနိရဉ္စရာကို ပြောသည်။

" ရွာကို ၉နာရီလောက်ဝင်လာတယ် ။ သူတို့ စစ်သားတွေက ULA ရုံးဆိုပြီး ထွက်သွားကြတယ်။ ခဏကြာမှ မီးလောင်နေတာကို မြင်ရတာ။ အိမ်ကိုမရှို့ဘူး အဲဒီအဆောင်တွေကို မီးရှို့သွားတာ။ ပြီးတော့ အခု ရွာထဲ ပြန်ဝင်လာတယ် ဒရုန်းတွေဝဲနေတယ်"  ဟုပြောသည်။

လက်ရှိတွင်လည်း ဒရုန်းများဝဲပျံနေပြီး နောက်ထပ် ဘာဖြစ်လာမလဲဟုဆိုကာ စိုးရိမ်နေရသည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည် နိုဝင်ဘာ ၂၇ရက်ကလည်း တောကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာ မရှိဘဲ  စစ်ကောင်စီတပ်က  ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍  ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုအဖွဲ့ဝင်  ၇ ဦး ဒဏ်ရာရရှိသွားသည်။(NN-11) 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!