တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲမျာကြောင့် ကျောင်းမတက်ကြသည့် ရခိုင်က တက္ကသိုလ်ကောလိပ်ကျောင်းသားများကို ကျောင်းတက်ရန် သက်ဆိုင်ရာက ဖိအားပေးနေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

တိုက်ပွဲများကြောင့် လုံခြုံရေးစိုးရိမ်၍ ကျောင်းမတက်ကြသည့် ရခိုင်က တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများကို ကျောင်းလာတက်ကြရန်အတွက် သက်ဆိုင်ရာက ဖိအားပေးမှုများရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေတက္ကသိုလ်မှကျောင်းသားတစ်ဦးက " ကျောင်းလာတက်ဖို့ ဆရာမတွေ ပြောတာရှိတယ်။ စစ်တွေက ကျောင်းသားတွေကိုပေါ့နော်။ လာမတက်တဲ့သူတွေဆိုရင် ပျက်ကွက်စာရင်းမှာထည့်မယ်ဆိုပြီးပြောတာတွေလည်း ရှိတယ်။ အခုအခြေအနေမှာ ဘယ်လိုကျောင်းတက်ရမှာလဲ။ ကျောင်းကိုသွားဖို့တောင် လမ်းစရိတ်ကမလွယ်ဘူး။ လုံခြုံရေးကလည်း အာမခံချက်လည်းမရှိဘူးလေ" ဟုပြောသည်။

ထို့အပြင် စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာတွင်ရှိသည့် နည်းပညာတက္ကသိုလ် (စစ်တွေ)တွင်လည်း စစ်တွေမြို့တွင် နေထိုင်သည့် ကျောင်းသားများကို ကျောင်းလာတက်နိုင်ရန်အတွက် ကျောင်းသားများနှင့် ကျောင်းတာဝန်ရှိသူများက စီစဉ်နေကြောင်း နည်းပညာတက္ကသိုလ်ကျောင်းသားအချို့ကပြောသည်။

စစ်တွေမြို့အပြင် ခရီးသွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့် ကျောက်ဖြူနှင့် တောင်ကုတ်မြို့တို့မှ စစ်တွေမြို့ရှိ တက္ကသိုလ်အသီးသီးတွင် ကျောင်းတက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် ကျောင်းသားအချက်အလက်များနှင့်တကွ စာရင်းပေးသွင်းရန် ဆောင်ရွက်နေမှုများလည်း ရှိကြောင်း ကျောင်းသား၊ကျောင်းသူများထံမှ သိရသည်။

ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက "စာရင်းတွေဘာတွေပေးရရင်တော့ ပေးထားလိုက်မယ်။ ကျောင်းသွားတက်ဖို့၊ မတက်ဖို့ကတော့အခြေအနေတွေကြည့်ရအုံးမယ်။ ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန် ကျောင်းသွားတက်ဖို့ကလည်း ရွှေထုတ်ကြီး ယူသွားရမလိုပဲ။ အခုကနေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာ။ အိမ်ကလူတွေလည်း ကျောင်းသွားတက်ခိုင်းဖို့စိတ်မချကြဘူး" ဟုပြောသည်။

သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင်လည်း ကျောင်းသားများ ကျောင်းလာတက်ရန် အတွက် ကျောင်းတာဝန်ရှိသူများမှ ထောက်ခံချက်ထုတ်ပေးကာ ကျောင်းတက်နိုင်ရန် စီစဉ်ပေးနေပြီး ကျောင်းသား အများအပြားလည်း ကျောင်းတက်ရန် ရောက်ရှိနေကြပြီဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးက ပြောသည်။

" ရောက်တဲ့သူတွေကတော့ ရောက်နေကြပြီ။ စာသင်နေတာလည်း တစ်လလောက်တော့ရှိပြီ။ အခုကလမ်းတွေ ပိတ်ထားတော့ လေယာဉ်နဲ့ပဲကျောင်းလာတက်ကြရတာ။ ကျောင်းလာ မတက်နိုင်တဲ့နေရာကသူတွေကိုဆိုရင်လည်း အခုကျောင်းလာမတက်နိုင်ရင်တောင် ဆရာကြီးက အဆင်ပြေအောင်လုပ်ပေးမယ်လို့တော့ ပြောတယ်။ ပေါက်တောနယ်ဘက်က သူတွေဆိုရင် အခုထိမလာနိုင်ကြသေးဘူးလေ။ ပျက်ကွက်စာရင်းတော့ ထည့်မှာမဟုတ်ဘူးလို့ ပြောတယ်" ဟုပြောသည်။

ရခိုင်ကတက္ကသိုလ်အသီးသီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကစတင်ကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ရခိုင် တစ်ပြည်နယ်လုံး ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသဖြင့် နယ်မှ ကျောင်းသားများ ကျောင်းလာတက်ရန် အခက်အခဲကြုံနေရသည်ဟု သိရသည်။

၎င်းပြင် ကုန်ဈေးနှုန်းများ မြင့်တက်နေမှု၊ တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေမှုတို့ကြောင့် လက်ရှိအချိန်အထိ ကျောင်းသားများ ကျောင်းမတက်ရောက်နိုင်သေးကြောင်း ကျောင်းသားများကပြောသည်။

လက်ရှိအခြေအနေများအရ တက္ကသိုလ်များတည်ရှိရာ စစ်တွေမြို့မှ ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းတက်ရောက်နိုင်ရန် အခွင့်အလမ်းပိုများသော်လည်း အခြားမြို့နယ်များမှ ကျောင်းလာမတက်နိုင်သည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နှစ်နာစရာ ဖြစ်သွားမည်ဟု စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။

" စစ်တွေကလူတွေ သွားတက်နိုင်ပေမယ့် မလာနိုင်တဲ့သူတွေအတွက်ဆိုရင် တစ်နှစ် နစ်နာသွားမယ်။ အားလုံး တက်နိုင်တဲ့အခြေအနေတစ်ခုမှပဲ ကျောင်းပြန်တက်ချင်တယ်" ဟုပြောသည်။

စစ်တွေတက္ကသိုလ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် အဝေးသင် နောက်ဆုံးအဖြတ် စာမေးပွဲဖြေဆိုပြီးနောက် ကျောင်းသားများ နေရပ်ပြန်နိုင်ရေးအတွက်  နိုဝင်ဘာလ ၁၈ ရက်၊ နိုဝင်ဘာ ၂၀ ရက်အတွင်း တက္ကသိုလ် တာဝန်ရှိသူများနှင့် ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများမှ ညှိနှိုင်းကာ လမ်းကြောင်းများ ဖွင့်ပေးခဲ့သည်။

ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်စ၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် အစရှိသည့် မြို့နယ်များတွင် ကျောင်းသား၊ကျောင်းသူများအပါအဝင် ဒေသခံပေါင်းသိန်းနှင့်ချီသည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှသိရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများသည် စားနပ်ရိက္ခာအခက်အခဲများနှင့် ကြုံတွေ့နေရပြီး လက်လုပ်လက်စားဒေသခံများသည်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်သည့်ဒဏ်ကြောင့် ထမင်းငတ်လုနီးပါးဖြစ်နေကြောင်း သိရသည်။
(NN-8)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!