စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြောက်ဦး (၅၄၀)တပ်က ဒေသခံလမ်းသွားလမ်းလာများကို စက်သေနတ်ဖြင့်ပစ်ခတ်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် ခမရ (၅၄၀) တပ်ရင်းက ဒေသခံ လမ်းသွားလမ်းလာများကို စက်သေနတ်ဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းမှစတင်ကာ လမ်းသွားလမ်းလာများကို ပစ်ခတ်နေခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့မှ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောသည်။

"မနက်က ကျနော် အိမ်အခြေအနေသိချင်လို့ဆိုင်ကယ်နဲ့ ခဏပြန်သွားကြည့်တာ စက်သေနတ်တွေနဲ့ လိုက်ပစ်လို့ အမြန်မောင်းပြေးလာရပါတယ်"ဟု ပြောသည်။

သူသည် မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက လေးမြို့ချောင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး လက်ရှိမှာ မြို့ထက်တွင် စစ်ရေးတည်ငြိမ်နေသည့်အတွက် အိမ်အခြေအနေကို သွားရောက်ကြည့်ရှုစဥ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ နောက်ထပ်အမျိုးသားတစ်ဦးကလည်း ခမရ (၅၄၀) တပ်ရင်းရှေ့က ဖြတ်သွားချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း နိရဥ္စရာကို ပြောသည်။

"စက်သေနတ်နဲ့ အတွဲလိုက်ကို ပစ်တာပါ။ လမ်းသွားလမ်းလာအားလုံးကို ပစ်နေတာပါ။ ခြောက်ပစ် ပစ်တာလည်း ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။

ခမရ (၅၄၀) တပ်ရင်းသည် စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းပေါ် ရှိ မြောက်ဦးမြို့ တောင်ဘက် အဝင်အထွက်လမ်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အခိုင်အမာတည်ဆောက်ထားသည့် တပ်ရင်းတစ်ခုဖြစ်သည်။

ယခုကဲ့သို့  လမ်းသွားလမ်းလာများကို ပစ်ခတ်သည့်အတွက် ထိခိုက်သေဆုံးမှုရှိမရှိကို နိရဥ္စရာအနေနှင့် သီးခြားအတည်မပြုနိုင်သေးပါ။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက် ငွေ တောင်ပေါက်မှာ တည်ရှိသည့် သူတော်မတောင်စစ် စခန်းနှင့် မြောက်ဦးခရိုင်ရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်ကတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြို့ခံအများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

အဆိုပါ စခန်း ၂ ခုလုံးကို ဒီဇင်ဘာ ၂၆ ရက် တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပြီး လက်ရှိ မြောက်ဦးမြို့မှာ စစ်ရေးတည်ငြိမ်နေသော်လည်း ၅၄၀ အပါအဝင် တခြားတပ်ရင်းစခန်းများကို အေအေ ဝင်ရောက်တိုက်ခိုက်မည်ကိုစိုး၍ ခြောက်လှန့်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။ (NN-7)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!