စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဇန်နဝါရီ ၁၂ ရက်တိုက်ပွဲများအတွင်း ရခိုင်မြို့နယ် ၃ ခုတွင် အရပ်သား ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 495

ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်းအတွင်း ရခိုင်က မြို့နယ်  ၃ ခုတွင် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား  ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်တွင် ယနေ့ ဇန်နဝါရီ၁၂ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီ၏ နေဗီနှင့် မင်းပြားတွင် တပ်စွဲလျက်ရှိနေသေးသည့် ၅၄၁ နှင့် ၃၇၉ ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်စထိမှန်ပြီး  ပိုက်သည်ရွာမှ  ဦးလှမောင်သိန်း (၄၅) နှစ်၊ဒေါ်လှလှမေ (၃၅) နှစ်နှင့် ကြောင်ရှည်ချောင်းရွာမှ ဦးထွန်းအေးနိုင် (၃၅) နှစ်တို့ သေ‌ဆုံးခဲ့ရသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာမှ အသက်မပြည့်သေးသည့် ယောက်ျားကလေး ၂ ဦးလည်း  လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများကပြောသည်။

အလားတူ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင်လည်း ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင်လည်း တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ  စစ်ကောင်စီ၏ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၆၅ နှစ်အရွယ် ဦးတင်ငွေ သေဆုံးသွားခဲ့သည်ဟု မြေပုံဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။


" သူ့ကို လက်နက်ကြီး မျက်နှာမှာကျတော့ မျက်နှာတစ်ဘက် ပျက်သွားပါတယ်။ လမ်းသွားနေရာကနေ လက်နက်ကြီးကျည်စထိသွားတာပါ" ဟုပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ရေနောက်သား ကျေးရွာတွင် ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေ ၄ နာရီ ခွဲခန့်က စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ရွာထဲသို့ကျရောက်ခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာကို  ပြောသည်။

" တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာပြင်းထန်တဲ့ တစ်ယောက်က မောင်တော ဆေးရုံရောက်နေတယ်။ နောက် နှစ်ယောက်က ဒဏ်ရာသိပ်မပြင်းတော့ ရွာမှာပဲ ဆေးကုနေပါတယ်" ဟုပြောသည်။

ရသေ့တောင်မြို့နယ် ပြိန်းတော ကျေးရွာတွင်လည်း ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေ ၄နာရီခန့်က ရေစိုးချောင်းဗျူဟာမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့၍ လူ ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု ရသေ့တောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။လက်နက်ကြီး တောက်လျှောက်ပစ်နေတာ သုံးရက်လောက်ရှိပြီ။ ဒီနေ့ ပြိန်းတောရွာဘက်မှာ လက်နက်တစ်လုံး ကျလို့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်။ ခု ၈နာရီခွဲထိ လက်နက်တွေပစ်နေတာ၊ အဲ့ဒီဒဏ်ရာရတဲ့ သူတွေက ရွာထဲမှာပဲ။ ဆေးကုဖို့သွားလို့လည်းမရဘူး'" ဟုပြောသည်။

ယင်းအပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု‌ ကြောင့်  နေအိမ်တစ်အိမ် မီးလောင်‌ပြာကျသွားပြီး နှစ် အိမ်မှာ ပြိုပျက်သွားသည်ဟု သတင်းဌာနကို‌ ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) ကလည်း မင်းပြားမြို့၊  မင်းဘာကြီးရပ်ကွက်မှ ဦးသိန်းချေမောင် (၄၅) နှစ်၊ ကိုဂေါင်းလှ (၂၃) နှစ်၊  ဒေါ်မနန်းဘုံ (၅၀) နှစ်နှင့် ဒေါ်မဲယဉ် (၄၂) နှစ်တို့အား စစ်တပ်က သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!