သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

PDF ဖြင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ မာန်အောင်မြို့မှ ဖုန်းဆိုင်ပိုင်ရှင် ကိုစည်သူအောင်ထောင်ဒဏ် (၃) နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 499

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့မှ  PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ  ကိုစည်သူအောင်ကို   ထောင်ဒဏ်  ၃ နှစ်ချမှတ်လိုက်ရကြောင်း သိရသည်။

 မေဃသစ္စာဖုန်းဆိုင်ပိုင်ရှင် ကိုစည်သူအောင်(ခ) ဦးခေါင်းဖြူကို လူမှုကွန်ရက်တွင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲကာ  မတ်လ ၂၉ ရက်နေ့က    ပုဒ်မ ၅ဝ၅(က)ဖြင့် ထောင်ဒဏ် ချမှတ်ခံလိုက်သည့်အပေါ် တရားမျှတမှုမရှိကြောင်း ဒေသခံများက ပြောသည်။

" သူကအခု မာန်အောင်အချုပ်ခန်းမှာပါ။ ဘာမှမလုပ်ဘဲ အခုလို ထောင်ဒဏ်သုံးနှစ်ချတာက မဖြစ်သင့်ပါဘူး" ဟုပြောသည်။

မာန်အောင်မြို့ရှိ အကျဉ်းသားများကို လက်ရှိ တိုက်ပွဲအခြေအနေနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့်  အကျဉ်းထောင်နှင့် အချုပ်ခန်းများရှိ လူများနှင့် ကိုစည်သူအောင်အတွက် စိုးရိမ်မိကြောင်း  အခြားမိတ်ဆွေတစ်ဦးက နိရဉ္စရာကို ပြောကြားသည်။

" မာန်အောင် အကျဉ်းခန်းက သေးသေးလေး။ နှစ်ရှည်သမားတွေအတွက်ဆို ကျန်းမာရေးထိခိုက်လာနိုင်တယ်။ အကျဉ်းခန်းမှာလည်း လူတွေအများကြီးအကျဉ်းချခံထားရတာရှိတယ်။ ဒီနှစ်က တောင်ကုတ်ဖက်ကို  မာန် အောင်က ရဲ တွေက သိပ်မသွားရဲဘူးလေ " ဟုပြောသည်။

အဆိုပါ မာန်အောင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အသက် ၅၀ ကျော်အရွယ် ဗမာလူမျိုး ဦးစည်သူအောင်(ခေါ်)ဦးခေါင်းဖြူကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်  စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကနေအိမ်အတွင်းမှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

သူ့ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်လှစ်အရေးယူခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီပိုင်သတင်းစာများက ကြေညာခဲ့သည်။

အလားတူ လွန်ခဲ့သည်မတ်လအတွင်းကလည်း နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဝါဒဖြန့်သည်ဟုဆိုကာပုဒ်မ၅၀၅(က)နှင့် ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂)တို့ဖြင့် ၁ ဦး၊ စုစုပေါင်း အမ်းဒေသခံ ၄ ဦးကို ရခိုင်ပြည်၊ အမ်းမြို့နယ် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!