ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အယ်ဒီတာ့အာဘော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 440

အယ်ဒီတာ့အဘော်

 

ယခုလက်ရှိ ဘူးသီးတောင်တွင်ဖြစ်ပေါ်နေသော နေအိမ်များ မီးရှို့ခံရမှု အဓိက ဖြစ်စဉ်၏ အဓိကလက်သည် တရားခံမှာ စစ်ကောင်စီဖြစ်ကြောင်း နှစ်ဖက်လူမှုအသိုင်းအဝိုင်းမှ အသီးသီး မှတ်ချက်ပြုထားကြပြီဖြစ်သည်။ စစ်ကောင်စီသည် ယခင်က ပြုလုပ်နေကျအတိုင်း ရခိုင်က အဓိက လူမှု အသိုင်းအဝိုင်းနှစ်ခုအား ပဋိပက္ခဖြစ်အောင်ဖန်တီးလေ့ရှိပြီး ယခုအချိန်အခါတွင်လည်း ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းအကြား ပဋိပက္ခဖြစ်စေရန် သွေးခွဲရန်တိုက်မှုများကို အကြီးအကျယ် ပြုလုပ်လျှက်ရှိနေပေသည်။

 

လက်ရှိ ဒေသခံပြည်သူများအား ပြောကြားချက်အရ စစ်ကောင်စီသည် ဘူးသီးတောင်နှင့် မောင်တောဒေသမှ မွတ်ဆလင်ဒေသခံများအား အတင်းလူသစ်စုဆောင်းကာ၊ စစ်မှုထမ်းခိုင်းပြီး လက်နက်များ တပ်ဆင်ပေး၍ အာရက္ခတပ်တော် (AA) အားတိုက်ခိုက်ခိုင်းနေသည်သာမက ရခိုင်လူမျိုးများ၏ ပိုင်ဆိုင်မှုများကို ဖောက်ထွင်းယူဆောင်ခိုင်းကာ နေအိမ်များကို မီးရှို့ခိုင်းခြင်းများကို အတင်းအကျပ် ပြုလုပ်နေကြောင်း သိရှိရသည်။

 

စစ်ကောင်စီမှ ယခုကဲ့သို့ ဖန်တီးနေသည့်  အဓိက လိုလားချက်မှာ အဆိုပါ ဒေသအတွင်း နေထိုင်ကြသည့် လူမျိုးနှစ်ခုအား ပဋိပက္ခဖြစ်အောင် ဖန်တီးပြီး သူတို့၏ ရေရှည်အုပ်ချုပ်မှုတည်တံ့ရေးကို ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

ယင်းအပြင် ယခုလုပ်ရပ်သည် စစ်ကောင်စီ၏ လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းကို အာရုံပြောင်း လမ်းလွှဲရန် လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ပေသည်။

 

ဘူးသီးတောင်မြို့ ဒေသခံ မွတ်ဆလင်တစ်ဦးကလည်း ယခုကဲ့သို့ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့နေသည်ကို မိမိတို့လက်မခံနိုင်ကြောင်း၊ ရခိုင်လူမျိုးများနှင့် ဒေသခံမွတ်ဆလင်များအကြား တစ်စုံတစ်ရာပြဿနာမရှိကြောင်း၊  ယခုကဲ့သို့ ဖြစ်ရပ်ဆိုးပေါ်ပေါက်လာခြင်းမှာ စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်ပေးမှုခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။

 

သို့အတွက်ပါကြောင့် နှစ်ဖက်လူမှုအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီဖန်တီးလုပ်ဆောင်နေသည့် ထောင်ချောက်အတွင်းသို့  မကျရောက်စေရန်နှင့် လူမျိုးနှစ်ခုအကြား ရေရှည်အကျိုးကို မျှော်ကိုးကြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန် အတွက် ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်နေပါသည်။

 

စစ်ကောင်စီသည် လက်ရှိ ရခိုင်ပြည်တွင် အကြီးအကျယ်စစ်ရှုံးနေ၍  ဘူးသီးတောင်နှင့် မောင်တောကို လက်မလွတ်ရအောင်နှင့် လက်လွတ်ရပါကလည်း ဒေသအတွင်း နေထိုင်နေကြရသည့် ရခိုင် လူမျိုးများနှင့် မွတ်ဆလင်အသိုင်းအဝိုင်းတို့အကြား အမုန်းတရာများနှင့် ပဋိပက္ခများဖြစ်ပြီး ဒေသတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောက်အောင် တမင်ဖန်တီးလုပ်ဆောင်နေသည်ကို အားလုံးသတိချပ်ကြရန် လိုအပ်နေပါသည်။

 

လက်ရှိ မောင်တောနှင့် စစ်တွေမြို့များတွင်လည်း ဘူးသီးတောင်ဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားစေရန် စစ်ကောင်စီက အကွက်ချ စီစဉ်လုပ်ဆောင်နေကြောင်း ခိုင်လုံသော သတင်းများအရ သိရပါသည်။

 

သို့အတွက် ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ရခိုင်နှင့် မွတ်ဆင်လင်အသိုင်းသာမက လူမျိုးစုများအားလုံး စစ်ကောင်စီ၏ ယုတ်မာအောက်တန်းကျသော လုပ်ရပ်များကို နားမယောင်ကြရန်၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြားပဋိပက္ခများမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန်နှင့် စစ်အာဏာရှင်စနစ် လုံး၀ ချုပ်ငြိမ်းအောင်ထိ စည်းလုံး ညီညွတ်စွာဖြင့် ဆန့်ကျင် တွန်းလှန်ကြရန် အယ်ဒီတာ့ အာဘော်မှ တဆင့် တိုက်တွန်းနိူးဆော်အပ်ပါသည်။

ဆက်စပ် သတင်းများ

အယ်ဒီတာ့အာဘော်
  • Web Master
  • ၁၄ ဇွန် ၂၀၂၃
အယ်ဒီတာ့အာဘော်