တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

သံတွဲ သူဌေးရေအားလျှပ်စစ် ဆောက်လုပ်ရေးကုမ္ပဏီများရှိရာနေရာအပါအဝင် နေရာနှစ်ခုတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်)

 စိုးစံအောင် ၊ နိရဥ္စရာ ၊ ဧပြီ ၂၈ / ၂၀၂၄

 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်း ဆောက်လုပ်ရေးကုမ္ပဏီရုံးများရှိရာ ပလိုင်းချောင်းအပါအဝင် နေရာနှစ်ခုတွင် ယနေ့ ဧပြီလ ၂၈ ရက်မနက်ပိုင်းတွင်လည်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 

ယနေ့မနက် ၁၀ နာရီခွဲအချိန်ကစတင်ပြီး သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေး ကုမ္ပဏီရုံးများရှိသည့် ပလိုင်းချောင်းနှင့် ကျောင်းကုန်းကျေးရွာအနီးရှိ ရေအားလျှပ်စစ်စီမံကိန်း လမ်းခွဲအနီးတို့တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ရွှေလှေဒေသခံတစ်ဦးကပြောသည်။

 

 "မနက်ပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်။ ရေအားထဲက ပလိုင်းချောင်းဆိုတဲ့နေရာ။ အဲဒီနေရာက ဆောက်လုပ်ရေးကုမ္ပဏီတွေက ရုံးတွေစိုက်ထားတဲ့နေရာ။ နောက်ပြီးတော့ ဆယ်မိုင်လမ်းဆုံလို့ခေါ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းလမ်းခွဲနားလေ။အဲဒီနေရာကကျောင်းကုန်းရွာနဲ့နီးတယ်" ဟု သူကပြောသည်။



 

 အဆိုပါတိုက်ပွဲမှာ မနက် ၁၀ နာရီခွဲဝန်းကျင်မှ ညနေ ၃ နာရီလောက်အထိကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူခဲ့သည့်အပြင် ၃ နာရီခွဲဝန်းကျင်တွင် လေယာဥ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါဒေသခံကပြောသည်။

 

" ညနေဖက် ၃ နာရီလောက်မှာ လေယာဥ်နဲ့ဗုံးလာကြဲတယ်။ ရေအားစီမံကိန်းထဲကို တလုံးကြဲပြီးတော့ ဆယ်မိုင် လမ်းဆုံဖက်ကိုတစ်လုံးကြဲသွားတယ်" ဟု နိရဥ္စရာသို့ပြောသည်။

 

ဧပြီလ ၂၆ ရက်ကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးဝန်းကျင်နေရာများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်က အင်အား ၄၀ ခန့်ကျဆုံးမှုရှိပြီး ၄င်းတို့ထဲ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးပါဝင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!