သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မုန်တိုင်းသင့်ပြည်သူများအားထောက်ပံ့ရန် ရခိုင်လူမှုရေးအသင်းက ဂျပန်တွင် ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မိုခါမုန်တိုင်းသင့်ရခိုင်ပြည်သူများအားထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်လူမှုရေးအသင်း (ဂျပန်)က ရန်ပုံငွေရှာဖွေပွဲတစ်ခုကို ဂျပန်နိုင်ငံတွင်ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပွဲကို ဂျပန်နိုင်ငံ၏ နွေရာသီရုံးပိတ်ရက်ဖြစ်သည့် လာမည့် သြဂုတ်လ ၁၃ ရက်(တနင်္ဂနွေနေ့) ဒေသစံတော်ချိန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့ရှိ ဥမိနိုခိုးအမ်း (Umino Kouen) ပင်လယ်ကမ်းခြေတွင်ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းပွဲတွင် ကြွရောက်လာကြသည့်ပရိသတ်များအနေဖြင့် အခမဲ့ဝင်ရောက်နိုင်ပြီး ကမ်းခြေ တစ်လျှောက် ရခိုင်ရိုးရာအစားအသောက်ရောင်းချပွဲကိုလည်း ပါဝင်ဆင်နွှဲနိုင်သည်ဟု သိရသည်။

ကမ်းခြေတွင် မဏ္ဍပ်တစ်ခုစီစဉ်ထားပြီး လာရောက်ကြသူအချင်းချင်း ရေလောင်းရေပက်နိုင်ကြသလို ကာရာအိုကေသီချင်းများကိုလည်း လွတ်လပ်စွာ အခမဲ့သီဆိုနိုင်မည့်အစီအစဉ်များလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။

ဝင်ခွင့်လက်မှတ်များကိုလည်း ရခိုင်လူမှုရေးအသင်း (ဂျပန်)က အခမဲ့ထုတ်ပေးနေပြီး လက်မှတ်ကိုပါ တစ်ပါတည်းယူဆောင်လာပါက ဘီယာတစ်ဗူးစီ အခမဲ့ ပေးအပ်သွားမည်ဟုလည်း အသင်းဥက္ကဋ္ဌ ဦးညီညီဌေးက နိရဥ္စရာကို ပြောသည်။


အဓိကရည်ရွယ်ချက်ကတော့ ရောက်လာတဲ့သူတွေဆီက မုန်တိုင်းသင့်ပြည်သူတွေကို ရန်ပုံငွေတွေ နည်းများမဆို လှူဒါန်းပေးလို့ရအောင် အခုပွဲကိုစီစဉ်ရတာပါဟု ပြောသည်။

ဂျပန်နိုင်ငံတစ်ဝှမ်းရောက်ရှိနေကြသော ရခိုင်ပြည်သူ၊ ပြည်သားများအပါအဝင် စိတ်ပါဝင်စားသည့် မြန်မာလူမျိုးများအား လာရောက်ဆင်နွှဲကြဖို့ကိုလည်း ဖိတ်ခေါ်လျက်ရှိသည်။

အဆိုပါပွဲမှ ရရှိလာမည့်ငွေကြေးများကို ရခိုင်ရှိ ကယ်ဆယ်ရေးပစ္စည်းများ အရောက်အနည်းဆုံး မုန်တိုင်းသင့်ဒေသများသို့စုံစမ်းကာ စားနပ်ရိက္ခာများကို ဦးစားပေး ထောက်ပံ့သွားမည်ဟုလည်း အသင်းဥက္ကဋ္ဌ ဦးညီညီဌေးက နိရဥ္စရာကိုပြောသည်။

သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်လွှဲလို့လည်း မရနိုင်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဓာတ်ကို တောင့်ခံထားပြီးတော့ ပြည်တွင်းပြည်ပအားနဲ့ အဆိုးထဲက အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်ကြိုးစားကြရအောင်လို့ ပြောချင်ပါတယ်ဟု ပြောသည်

ရခိုင်လူမူရေးအသင်း (ဂျပန်)အနေဖြင့်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကိုယ့်ရခိုင်လူမှု အဖွဲ့အစည်းများနှင့် အတူ အခြားသော ငဲ့ညှာကိုယ်ချင်းစာတတ်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အတတ်နိုင်ဆုံး ကူညီမှုများပေးနိုင်ရန် ကြိုးစားလျက်ရှိသည်ဟုလည်း ဆိုသည်။

မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်မေလ ၁၄ ရက်က ဝင်ရောက် တိုက်ခတ်သွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၄ဝ ကျော်သေဆုံးခဲ့ရသည်။

အိုးအိမ်အဆောက်အအုံ သိန်းနှင့်ချီပျက်စီးသွားခဲ့ပြီး မုန်တိုင်းပြီးနောက် ၂ လကျော်ကာလအထိ မုန်တိုင်းသင့်ပြည်သူများ၏ဘဝ နာလံမထူနိုင်ကြသေးဟု သိရသည်။

စစ်ကောင်စီက ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း အနည်းငယ်သာရရှိကြပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ သွားရောက်ကူညီထောက်ပံ့ခွင့်များကိုလည်း စစ်ကောင်စီက ဇွန်လ ၇ ရက်မှစတင်ကာ ဇူလိုင်လ ၂၇ ရက်အထိ ပိတ်ပင်ထားဆဲဖြစ်သည်။ (NN-16)

ဆက်စပ် သတင်းများ