သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေမြို့ ပြည်တော်သာရပ်ကွက် တိုက်ခန်းများအား ဖြိုဖျက်တည်ဆောက်ပြီးနောက် တိုက်ခန်းပြန်မရဖြစ်မည်ကို တိုက်ခန်းနေသူများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ တိုက်ခန်းပေါင်း ၂ဝဝ ကျော်အားဖြိုဖျက်ကာ အသစ် ပြန်လည်တည်ဆောက်ပြီးနောက် တိုက်ခန်းပြန်မရဖြစ်မည်ကို တိုက်ခန်း နေပြည်သူမျာမှး စိုးရိမ်နေကြကြောင်း သိရသည်။

စစ်တွေရှိ ပြည်တော်သာ ရပ်ကွက်ရှိ တိုက်တန်းများကို ဖြိုဖျက်ပြီး ခေတ်မီလှပသော တန်းဖိုးသင့် အိမ်ယာ တိုက်တန်းများ တည်ဆောက်ရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

လွန်ခဲ့သည့်လ မေ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့များက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သန်းနိုင်နှင့်မိသားစု ကုမ္ပဏီတို့ ပူပေါင်းကာ ရပ်ကွက်သားများအား အစည်းအဝေး ခေါ်ယူပြီး စစ်တွေမြို့ ပြည်တော်သာ တန်ဖိုးသင့် အိမ်ယာစီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။ 

ယင်းနောက်ပိုင်း ပြည်တော်သာ ရပ်ကွက်နေထိုင်သူများ၏ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။  

ပြည်တော်သာရပ်ကွက် ရှိ တိုက်ခန်းနေ အငြိမ်းစားလက်ထောက်ပညာရေးမှူး ဒေါ်ဖြူဖြူစိန်က “ရွှေပြည်သာ မှာပဲ ပြန်လည်နေရာချထားပေးမလား။ ယာယီချထားပေးမယ်ဆိုပေမယ့် စိုးရိမ်တယ်။ ကိုယ့်နေရပ်ကို ပြန်လို့ မရောက်တော့မှာကို။ ဒီက ပြောင်းရတဲ့အခါ ဒီကိုပြန်လာရမယ်လို ကျိန်းသေတဲ့ အာမခံချက်ကို အိုး/အိမ်ဌာနက မပေးဘူး။ ဒါကြောင့် တိုက်ခန်းပြန်မရမှာကို စိုးရိမ်နေကြတယ်”ဟု သူမက  နိရဥ္စရာ သတင်းဌာနအား ပြောသည်။

၎င်းစီမံကိန်းအတွက် နေအိမ်အဆောက်အအုံများအား ဖြိုဖျက်ရန်ကိုသာ ဦးစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို မည်သည့်အချိန်တွင် စတင်မည်ကို တိတိကျကျပြောဆိုခြင်း မရှိခဲ့ကြောင်း၊ တည်ဆောက် နေစဉ် ကာလ အတွင်း စစ်တွေမြို့စွန်ရှိ ရွှေပြည်သာ ရပ်ကွက်တွင် ယာယီ နေထိုင်စေမည်ဟု ပြောဆို ခဲ့ကြောင်း၊ မိမိတို့ပိုင် နေအိမ်တိုက်ခန်းများတွက် အိမ်ခန်း ပြန်ပေးမည်ကို အာမခံချက်မပေးခဲ့သဖြင့် စိုးရိမ်နေရကြောင်း ဒေါ်ဖြူဖြူစိန်က ရှင်းလင်း ပြောဆိုသည်။ 

ဖြိုဖျက်ရန်စီစဉ်ထားသည့် ပြည်တော်သာ တိုက်ခန်း စုစုပေါင်းမှာ ၂၃၆ ခန်းဖြစ်ပြီး ယင်းအနက် အခန်းပေါင်း ၂ဝဝ မှာ နှစ်ပေါင်း ၆ဝ ခန့်အကြာက တည်ဆောက်ထားသည့်တိုက်ခန်းများဖြစ်ပြီး ကျန် ၃၆ ခန်းမှာ ၆ နှစ်ခန့် အကြာက တည်ဆောက်ထားသည့်တိုက်ခန်းများဖြစ်သည်ဟု သိရသည်။

ဖြိုဖျက်ပြီးနောက် တိုက်ခန်းများအား ၄ ထပ်၊ ၅ ထပ်၊ ၆ ထပ်ဖြင့် အမျိုးအစားစုံဆောက်လုပ်မည်ဖြစ်ကာ အဆောက်အအုံများအား စက်ဝိုင်းပုံဆောက်လုပ်ပြီးအလယ်တွင် အားကစားကွင်းများဆောက်လုပ်မည်ဟု ကုမ္ပဏီမှ ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “ပြန်ပေးဖို့အစီစဉ်တော့ ရှိတယ်။ ဒါပေမဲ့ အဲဒီမှာနေတဲ့လူတွေက ဘယ်လိုပုံစံမျိုးနဲ့ အိမ်ရာ ရထားလဲဆိုပြီးတော့ ထည့်သွင်းစဉ်းစားရမဲ့ အနေထားရှိတယ်။ အဲဒီမှာနေတဲ့ လူတွေရှိတယ်။ ဝယ်ထားပြီး နေတဲ့လူတွေရှိတယ်။ ဝယ်ထားပြီး စည်းကမ်းပျက်တွေလည်း ရှိတယ်။ ပြန်ပေးတဲ့ အချိန်မှာ တိုက်ခန်း တစ်ခန်းကို ပိုင်ရှင်သုံးလေးယောက်ပေါ်လာသမျိုးပေါ့။ ဒါဆိုရင် ဘယ်လို့ ဖြေရှင်းမလဲ။ သူတို့ရဲ့ အရှုပ်အရှင်း ကိုတော့ သူတို့ အချင်းချင်းကြားမှာ ရှင်းသွားရမယ့် အနေအထားရှိတာပေါ့။ အကုန်လုံးပြန်ရမှာပါ။ ဘယ်တော့ ဖြိုမလဲ ဆိုတာက ကြာဦးမှာပါ။ လုပ်ရမယ်ဟာတွေ အဆင့်ဆင့်ရှိသေးတယ်”ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါတိုက်ခန်းများအား ဖြိုဖျက်မည်ဆိုပါက ဖြိုဖျက်ရန် တစ်ခုတည်း သဘောတူကြောင်း လက်မှတ် ရေးထိုး ရမည်မဟုတ်ဘဲ ပြန်ပေးရန် သဘောတူကြောင်းကိုလည်း လက်မှတ်ရေးထိုးပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရန် လိုအပ်ကြောင်း တိုက်ခန်းနေ ဦးမျိုးမြင့်က ပြောသည်။

“သူတို့လုပ်ပုံက ပုံစံမကျဘူးလို့ထင်တယ်။ သူတို့က ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ဖြိုပေးဖို့ကို သဘော တူကြောင်းပေါ့။ ကျွန်တော်တော့ မထိုးခဲ့ဘူး။ သူတို့ဆီက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရင်တော့ ပြောစရာ မလိုဘူး။ ဖြိုမယ့်ဟာကိုတော့ လက်မှတ်ထိုးခိုင်းတယ်။ ပြန်ပေးဖို့ဟာကို ပါးစပ်က ပြောတယ်”ဟု သူက ပြောသည်။

အဆိုပါ ပြည်တော်သာ အိမ်ရာစခန်းရှိ တိုက်ခန်းဟောင်းနှင့် တိုက်ခန်းသစ်အဆောက်အအုံများအား ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ရန်စီမံကိန်းအား ဆိုင်းငံ့ပေးရန် ရခိုင်ပြည်နယ် လယ်ယာမြေနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကလည်း မေလ ၂၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသား တောင်းဆို ထားသည် ဟုလည်း သိရှိရသည်။ 


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!