တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကမ္ဘာကြီးကို အလှဆင်ပေးနေတဲ့ အနာဂတ်ပန်းကလေးတွေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 274

နှင်းနွယ်နီ ရေးသားသည်။


"ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ အရောင်အသွေးမျိုးစုံ ၊အသက်အရွယ်မျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာ စကားမျိုးစုံ၊ ကျားမရေးရာဖြစ်တည်ခံယူမှု လိင်စိတ်တိမ်းညွှတ်မှု အစရှိတဲ့ ဝိသေသမျိုးစုံနဲ့ စုံလင် ကွဲပြား နေကြပေမဲ့ ဒါတွေဟာ ကျွန်နော်တို့ လူသားတစ်ဉီးချင်းစီရဲ့ တမူထူးခြားတဲ့ ပင်ကိုယ် သဘာဝ အလှတရားတွေပါ။ ကျွန်တော်တို့တွေဟာ စုံလင်ကွဲပြားမှုတွေကို သတိမထားမိဘဲ မတူလွဲမှားတဲ့ အရာတွေ၊ အယူအဆတွေ၊ အမြင်တွေလို့ ခွဲခြားမှတ်ယူတတ်ကြပါတယ်။ စုံလင်ကွဲပြားမှုတွေကို မခွဲခြားဘဲ လူတစ်ဉီးချင်းစီရဲ့ စိတ်ခံစားချက်၊ ရပ်တည်ချက်၊ ဆုံးဖြတ်ချက်၊  အားသာချက် လုပ်နိုင်စွမ်းတွေကို လေးစားအားပေးမှုတွေ လိုအပ်ပါတယ်။"


ဒါကတော့ မိမိကိုယ်ကို Gay အဖြစ်ခံယူထားတဲ့ ကိုယ်ပိုင်လိင်စိတ်ခံယူချက်ရှိသူ အသက် ၂၆ နှစ်အရွယ် လူငယ် တစ်ဦးဖြစ်သူ ကျော်ကျော် (အမည်လွဲ) ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

ကျော်ကျော်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကလေးတွေကို ကျားမရေးရာ အကြောင်းအရာတွေကို သင်ကြားပေးနိုင်ဖို့အတွက် ကျားမရေးရာနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ၊ လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာတွေ၊  ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို တက်ရောက်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။


သူဟာ ကိုယ်ဝါသနာပါရာနဲ့ ကိုက်ညီတဲ့ သင်ကြားရေး သင်တန်းတွေကို တက်နေသလို တစ်ဖက်မှာလည်း  စစ်ဘေးရှောင်စခန်းက ကလေးတွေကိုလည်း အားလပ်ရက်တွေမှာ အခမဲ့စာသွားပြနေသူလည်းဖြစ်ပါတယ်။ 


ဒါ့အပြင် တခြား CSO လူမှုအဖွဲအစည်း တွေမှာလည်း Volunteer  စေတနာ့ဝန်ထမ်းလုပ်ပြီးတော့ အများအကျိုးကို တစ်ထောင့်တစ်နေရာကနေ သယ်ပိုးနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

 

ကျော်ကျော်ဟာ ငယ်ငယ်ကတည်းက ကိုယ့်ကိုကိုယ် Gay အဖြစ်လက်ခံထားသူမဟုတ်ဘဲ တက္ကသိုလ် စတက်တဲ့ အရွယ်မှ မိမိကိုယ်ကို Gay အဖြစ် လိင်စိတ်ခံယူချက်ရှိကြောင်းကို ကိုယ်တိုင်စပြီး သတိထားမိလာတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

ကျနော်က အင်ဂျင်နီယာ ဘာသာရပ်ကို ယူရင်းနဲ့ ကျောင်းပြီးသွားပါပြီ။ ကိုယ်ဟာ Gay ဖြစ်တယ်လို့ တက္ကသိုလ် ပထမနှစ်မှာစပြီး သတိထားမိပါတယ်” လို့ သူရဲ့ဖြစ်တည်ကို ဖွင့်ဟလာပါတယ်။

 

အခုလို စုံလင်ကွဲပြားတဲ့လိင်စိတ်ခံယူချက်တွေရှိကြပြီး ကိုယ်တိုင် ကိုယ့်ရဲ့ဖြစ်တည်မှုကို စသတိထားမိတဲ့ အချိန်မှာ လက်ခံဖို့အတွက် အချိန်တစ်နှစ်ကျော်လောက်ယူပြီး ကိုယ့်ကိုကိုယ် လက်ခံလာအောင် ဘယ်လို ကြိုစားခဲ့ရသလဲဆိုတာကိုလည်း သူကအခုလို ပြန်ပြောင်း ပြောပြပြန်ပါတယ်။

 

ကျ‌နော်ဆိုလို့ရှိရင် ၁ နှစ်နီးပါးလောက် ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်လက်ခံဖို့အတွက် စာတွေဖတ်ရတယ်၊ ကြိုးစားရတယ်။ အဲဒါမျိုးတွေရှိပါတယ်။ ဒီဟာဖြစ်တယ်ဆိုပြီးတော့ ချက်ချင်းလက်ခံရတာမျိုးမဟုတ်ပါ။ ကိုယ့်ဖြစ်တည်မှုကို လက်ခံဖို့အတွက် ကိုယ့်ဘာကိုယ်တောင်မှ ဘယ်လိုအခြေအနေမျိုး ရင်ဆိုင်မလဲ၊ ဘယ်လို ပုံစံမျိုးနဲ့နေထိုင်မလဲဆိုတာ YouTube တွေဘာတွေကနေ အများကြီး လေ့လာခဲ့ရတာရှိတယ်။ ကိုယ့်ကို ကိုယ်ရိပ်မိတဲ့ အခြေအနေကနေစပြီးတော့ တစ်နှစ်‌ကျော်ကျော်လောက်မှပဲ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံလိုက်တဲ့ အခြေအနေမျိုးရှိပါတယ်။ အဲဒီကြားထဲမှာ‌တော့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ အများကြီးရှိခဲ့ပါသေးတယ်လို့လည်း ကျော်ကျော်က ပြောပြပါတယ်။

 

မိမိကိုယ် မိမိ Gay ဆိုတာကို လက်ခံမိတဲ့အချိန်မျိုးမှာ ကိုကျော်ကျော်ဟာ သူရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေ သိသွားမှာကိုလည်း စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ သူ Gay ဆိုတာကို သိသွားခဲ့ကြရင် သူ့ကို တခြားသူတွေကရော ဘယ်လိုမြင်ကြမလဲ၊ လှောင်ရယ်ကြမလား၊ ကဲ့ရဲ့ကြမလား ဆိုပြီးတော့လည်း သူ့မှာတွေးပူခဲ့ရပါသေးတယ်။ ဒီလိုမျိုး စိုးရိမ်စိတ်တွေဟာ သူ့စိတ်ထဲမှာ အခုအချိန်ထိလည်း ရှိနေဆဲပဲလို့ ဆိုပါတယ်။ 

 

ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး Gay ဆိုတာကိုလည်း အစပိုင်းမှာ လူတိုင်းကို မချပြရဲသေးသလို ကိုယ့်ကို လက်ခံနိုင်တဲ့ ပတ်ဝန်းကျင်မှာပဲ သူရဲ့ဖြစ်တည်မှုကို ချပြဝံ့တယ်လို့လည်း ပြောပါတယ်။

 

ကိုယ့်ဖြစ်တည်မှုကို ချပြလို့ရတဲ့နေရာတွေရှိတယ်။ နေရာတိုင်းမှာတော့ အဲလိုချပြလို့မရသေးဘူး။ အမြင် မတူတာလေးတွေလည်း ရှိနေသေးတော့။ နေရာ‌ဒေသနဲ့လိုက်ပြီးတော့ ကိုယ့်ကိုလက်ခံနိုင်တဲ့ပတ်ဝန်းကျင်မှာတော့ ချပြဖြစ်တယ်။ အဲလိုသဘောပေါ့နော်။ လူတစ်‌ယောက်နဲ့တွေ့တွေ့ချင်းမှာ ကိုယ့်ရဲ့ဖြစ်တည်မှုက ဘာဘာညာညာ ဆိုတာမျိုးက သွားပြလို့မရတဲ့အခြေအနေတွေက အများကြီးရှိတယ်လေ” လို့ပြောပါတယ်။

 

Gay ဆိုတာကို လက်ခံတဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကတောင်မှ နှိမ့်ချတဲ့အကြည့်မျိုးနဲ့ ကြည့်တာတွေ ခံရဖူးတယ်လို့လည်း ကိုကျော်ကျော်က ဆိုပါတယ်။

 

တချို့ပတ်ဝန်းကျင်တွေဆိုလို့ရှိရင် ကျနော်တို့ကို လက်ခံနိုင်တဲ့ အသိုင်းအဝိုင်းတွေမှာတောင်မှ အဲဒီ အသိုင်းအဝိုင်းနားမှာ ရှိတဲ့သူတွေဆိုလို့ရှိရင် ဒီလူက ဒီလိုလားဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်တာမျိုးတွေ၊ ‌အော်။ ဒီလူက ဒီလိုမျိုးလား၊ မထင်ရဘူး၊ မဖြစ်သင့်ဘူးဆိုပြီးတော့ အဲဒီလိုအခြေအနေမျိုးတွေရှိတယ်” လို့ပြောသည်။ 

 

ဒီလိုမျိုး ခွဲခြားဆက်ဆံခံရတာမျိုးတွေရှိခဲ့တဲ့အတွက်ကြောင့် မိဘအပါအဝင် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ငယ်ငယ်တုန်းက စာသင်ခဲ့တဲ့ဆရာ၊ ဆရာမတွေကိုရော သူရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ဝန်ခံရမှာကို ဝန်လေးမိတဲ့ အတွက် ဖွင့်မပြောဖြစ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း သူအနေ့နဲ့ မိသားနဲ့ဆွေမျိုးကို သူရဲ့ ဖြစ်တည်မှုကို ရိပ်မိအောင်၊ လက်ခံအောင် ဘယ်လိုပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း သူက အခုလိုပြောပြပါတယ်။

 

မိဘတွေက‌တော့ အသက်ကြီးနေပြီဆိုတော့ သူတို့ကိုတော့ ဖွင့်မပြောထားမိဘူး။ မောင်နှမတွေကတော့ ကျနော်ထင်တယ်။ သူတို့ရိပ်မိချင် ရိပ်မိလိမ့်မယ်။ ကျနော့်အောက်က အငယ်တွေလည်းရှိနေတော့ ကျနော်က သူတို့ကို ဘယ်လိုပြောရမလဲ၊ ဖေ့ဘုတ်မှာ Friend လုပ်ထားလိုက်ခြင်းအားဖြင့် ကိုယ်ကသူတို့ကို၊ ပြောရမယ်ဆိုရင် ကိုယ့်ဖြစ်တည်မှုကိုကိုယ် ကာကွယ်တယ်လို့ ပြောရမယ်ပေါ့။ ဥပမာ - ကိုယ်သည် လိင်တူ အကြောင်းတွေကို Share ပေးတယ်။ အမျိုးသားနှစ်ယောက် ကြိုက်နှစ်သက်တယ်ဆိုတဲ့အကြောင်းတွေကို Share ပေးခြင်းအားဖြင့် သူတို့တွေမြင်လာကြမယ်ပေါ့။ အော် ဒီလူဟာ ဒီဟာတွေကို စိတ်ဝင်စားတယ်ပေါ့၊ အဲလိုပုံစံမျိုး ကိုယ်တို့ကို awareness ပေးတဲ့ပုံစံမျိုးနဲ့ မသိမသာ မျှဝေပြီး အသိပေးခြင်းအားဖြင့် ကျနော့်ရဲ့ ဖြစ်တည်မှုကို ကာကွယ်ရာလည်းရောက်သလို၊ ဘာလို့လဲဆိုရင် ကျနော့်ရှေ့မှာလည်း မြင်ရတာတွေရှိတယ်။"



ကျော်ကျော်က ဆက်ပြီး "အသက် ၃၀ ကျော်လာတယ်၊ ၃၀ နားနီးလာတဲ့အမျိုးသားတစ်ယောက်ကို အိမ်ကနေပြီးတော့ အိမ်‌ထောင်ပြုဖို့ အဓမ္မ ကြံစည်တာမျိုး တွေရှိတယ်ပေါ့နော်။ ကျ‌နော်တို့သည် ကိုယ်တို့ မချစ်မနှစ်သက်တဲ့သူတစ်ယောက်နဲ့ အိမ်ထောင်ပြုချင်မှာ မဟုတ်ဘူး။ ကျနော်တို့ မိသားစု ဆွေမျိုးသားချင်းတွေကို ဖေ့ဘုတ်အကောင့်ထဲ ထားလိုက်တယ်။ ပြီးရင် ကျ‌နော်တို့က ဗီဒီယိုကား‌တွေကို Share တယ်။ မျှဝေတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မိသားစုဝင်တွေ။ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက ကျားမရေးရာစုံလင်ကွဲပြားမှုတွေ၊ စုံလင်ကွဲပြားတဲ့ လိင်စိတ် ခံယူချက်ရှိတဲ့သူတွေ အကြောင်းကို သိနားလည်မှု ဖြစ်စေလာဖို့မျှော်လင့်ပါတယ်။ ဒီလိုမျိုး awareness ဖြစ်လာခြင်းသည် ကျနော့်ရဲ့ဖြစ်တည်မှုကို ကာကွယ်ရာလည်းရောက်တယ်။ ကျနော်တို့ကို အတင်း အိမ်ထောင်ပြုခိုင်းတာတွေ လျော့ကျနိုင်တယ်ပေါ့” လို့ ပြောပါတယ်။

 

ဒါ့အပြင် ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှုတွေ၊ LGBT ဆိုတာကို လူ့အသိုင်းအဝိုင်းက လက်မခံကြတာတွေမျိုးတွေ ရှိခဲ့တဲ့အတွက်ကြောင့် သူဟာ အိမ်နဲ့အဝေးမှာ နေဖို့လည်း ဆုံးဖြတ်ခဲ့သေးတယ်လို့လည်းဆိုပြန်ပါတယ်။

 

ကျနော်လည်း လူပဲပေါ့နော်။ ကျနော်တို့အနေနဲ့ သူတို့ပြုမူလာတဲ့၊ သူတို့မလိုအပ်လို့ ပြတဲ့ပုံစံတွေ၊ ပြီးတော့ ခွဲခြားတဲ့အရာတွေဟာ ကျနော်တို့ကို ဒီလူ့ပတ်ဝန်းကျင်မှာ နေထိုင်ဖို့အတွက် အဲဒီနေရာမှာ နေထိုင်ဖို့အဆင်မပြေ၊ ကိုယ့်အနေနဲ့ တခြားတစ်ခုခုကို ရွှေ့မှရမယ်ဆိုတဲ့အထိ အခြေအနေမျိုးတွေဖြစ်တယ်ပေါ့နော်။ မလိုချင်တာက ပိုပြီး ခံစားရတယ်ပေါ့နော်။ ကျနော်ဆိုလို့ရှိရင် အရင်တုန်းက ဒီဖြစ်တည်မှုကြောင့်ပဲ အိမ်နဲ့အဝေးကြီးမှာ နေမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာတွေရှိတယ်။ ဘာလို့လဲဆိုရင် သူတို့ကြီးလာတဲ့အချိန်မှာ ကိုယ့်တို့သည် သူတို့နဲ့ အဆင်ပြေမှာ မဟုတ်ဘူး၊ ကိုယ်ရဲ့ဖြစ်တည်မှုကို ဆိုတဲ့ပုံစံမျိုးကြောင့် ဒီဘက်မှာဆိုရင် ကိုယ်နဲ့ အနီးစပ်ဆုံး မိသားစုပေါ့။ ဟိုဘက်မှာဆိုရင် တခြားပတ်ဝန်းကျင်တစ်ခု ကိုယ်တို့ ဂရုစိုက်စရာမလိုဘူး။ အဲဒီလိုပုံစံမျိုးပေါ့။ အများအားဖြင့် လက်မခံကြပေမယ့် ပတ်ဝန်းကျင်အသစ်မှာ နေလို့ရတယ်ဆိုတော့လေ။ ဒီကြားထဲမှာ မလုံခြုံတာမျိုးတွေ ပိုလို့ခံရတယ်” လို့ ပြောပါတယ်။

 

လက်ရှိမှာတော့ သူဟာ သူဘွဲ့ယူထားခဲ့တဲ့ အင်ဂျင်နီယာပညာကို စွန့်လွတ်ပြီး သူဝါသနာပါရာဖြစ်တဲ့ ကျောင်းဆရာ အလုပ်ကို လုပ်ဖို့အတွက် သင်တန်းတွေတက်နေပါတယ်။ ကျွန်တော်သာ  ကျောင်းဆရာသာလုပ်ဖြစ်ခဲ့မယ်ဆိုရင် တပည့်ကလေးတွေကို ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာအကြောင်းအရာ၊ Gender အကြောင်းနဲ့တခြား လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာတွေကိုလည်း သူသင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

 

“ ခုခေတ်မှာတော့ အများအားဖြင့် ကျောင်းစာပညာ‌ရေးပိုင်းရှိကြတယ်။ ကျနော်သင်ကြားချင်တာကတော့ ဖတ်စာအုပ်ထဲက အတတ်ပညာ သင်ကြားရေးစာတစ်ခုတည်းမဟုတ်ဘဲနဲ့တခြားကလေးတွေသိသင့်တဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းအရာ၊ Genderဆိုင်ရာအကြောင်းရာတွေ၊ လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာတွေ အဲဒါတွေကို ကျနော့်အနေနဲ့ထည့်သွင်းပြီးတော့ သင်ကြားသွားဖို့ စိတ်ကူးရှိပါတယ်။ တစ်ခါတလေတော့ စစ်ဘေးရှောင်စခန်းတွေမှာ စာသွားသင်ပေးတာမျိုးလည်းရှိပါတယ်” လို့ဆိုပါတယ်။ 

 

ကျော်ကျော်ဟာ စုံလင်ကွဲပြားတဲ့လိင်စိတ်ရှိတဲ့သူတွေထဲကတစ်ဉီးဖြစ်ပေမဲ့ ကမ္ဘာကြီးကို အလှဆင် ပေးနေတဲ့ အနာဂတ်ပန်းကလေးတွေကို  ကျန်းမာရှင်သန်လှပအောင် ဖန်တီးပျိုးထောင်ပေးချင်တဲ့ အိပ်မက်လေးကတော့ လေးစားဖွယ်ပင်ဖြစ်သည်။ သူဝါသနာပါရာ အလုပ်ကိုလုပ်ဖို့ ကြိုးစားရင်း သူရဲ့ဘဝကိုတော့ ချစ်မြတ်နိုးရသူ တစ်ယောက်နဲ့ ဖြတ်သန်းချင်တယ်လို့ ပြောခဲ့ပါတယ်။

 

ကျွန်တော်တို့ အားလုံးဟာ နယ်မြေဒေသစုံလင်ကွဲပြားမှုတွေ၊ ကျားမရေးရာ စုံလင်ကွဲပြားနေပေမဲ့ အိမ်မက်ရှိတဲ့ လူသားတွေ ဖြစ်တာမို့ မြန်မာပြည်က လူသားတစ်ယောက်စီတိုင်း အေးချမ်းငြိမ်းအေးတဲ့ဘဝတွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေ။ ခွဲခြားမှု အကြမ်းဖက်မှုတွေ ဝေးကွာကြပါစေ၊ တန်းတူညီမျှ ရပိုင်ခွင့်တွေ အမြန်ပြည့်ဝကြပါစေလို့ဆန္ဒပြုပါရစေဆိုပြီးလည်း ကျော်ကျော် (အမည်လွှဲ)က ပြောဆိုသွားပါတယ်။


(ပြီး)



ဆက်စပ် သတင်းများ