ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မောင်တော ကညင်ချောင်းအတွင်း လှေတစ်စီးပေါ်မှ ကျပ်သိန်း ၂ ထောင်ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈ /၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်ချောင်းအတွင်းရှိလောင်းလှေတစ်စီးပေါ်မှ ကျပ်သိန်း ၂ ထောင်ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။
WY/R စာတမ်းပါ စိတ်ကြွဆေးပြားပေါင်း ၇၈ဝဝဝ ပြားကို မောင်တောမြို့နယ်၊ ကညင်ချောင်းချောင်းအတွင်း လမုတောကျွန်းရှိလောင်းလှေတစ်စီးပေါ်မှ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ကညင်ချောင်းစခန်းမှ ရဲအုပ်ပြည့်ဖြိုးအောင်က နိရဥ္စရာကို အတည်ပြုပြောသည်။
“ဖမ်းမိတာဟုတ်ပါတယ်။ အသေးစိတ်ကတော့ တပ်ခွဲမှူးဆီမှာ အချက်အလက်တွေရှိပါတယ်”ဟု ပြောသည်။
မူးယစ်ဆေးဝါးများကိုဖမ်းမိစဉ် လောင်းလှေပေါ်မှ ထွက်ပြေးသွားသူ ၂ ဦးကို ဆက်လက်ရှာဖွေရာ ကပ္ပကောင်းကျေးရွာမှ လောင်းလှေပိုင်ရှင် အဒူရှူကူး (၃၁ နှစ်)ကို သူ၏နေအိမ်အတွင်းဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေသေးကြောင်း သိရသည်။
မောင်တောနယ်စပ်တွင်အများဆုံးဖမ်းဆိးရမိသည့် မူးယစ်ဆေးများမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြားများ၊ WW/R စာတမ်းပါ နိညိုရောင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖတ်တမင်း)၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း ထိုးဆေးပုလင်းများ၊ အယ်ပရာဇိုလမ်ဆေးပြားများ၊ မော်ဖင်းထိုးဆေးပုလင်းများနှင့် Fentenyl ထိုးဆေးပုလင်းတို့ဖြစ်ကြသည်။
မူးယစ်ဆေးဝါးနှင့်ဖမ်းဆီးရမိသောတရားခံများကို မူးယစ်ဥပဒေအရ ၃ ဂရမ်ထက်များလျှင် ပုဒ်မ ၁၉ (က)အရ ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ပြီး ၃ ဂရမ်အောက်လျော့နည်းလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်ကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။

ဆက်စပ် သတင်းများ