အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

တောင်ကိုးရီးယား၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများဖြစ်ပေါ် (လူပေါင်း ၂၀ကျော်သေဆုံးပြီး ဘတ်စ်ကားအချို့ လှိုဏ်ခေါင်းအတွင်းနစ်မြုပ်)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 490

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က တောင်ကိုးရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ပေါ်ပေါက်ခဲ့သဖြင့် အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးနေကာ ထောင်ပေါင်းများစွာကို နေရာရွှေ့ပြောင်းစေခဲ့ရသည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

တောင်ကိုးရီးယားနိုင်ငံတွင် မုတ်သုန်မိုးရွာသွန်းမှု အမြင့်ဆုံးအချိန်ရောက်ရှိနေပြီး လွန်ခဲ့သည့် သုံးရက်အတွင်း မိုးဆက်တိုက်သည်းထန်ခဲ့ပြီးနောက် မြေပြိုမှုနှင့် ရေလွှမ်းမိုးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကာ ဆည်အချို့ ရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန​၏ ထုတ်ပြန်ချက်အရ ရေကြီးမှုနှင့် မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၂၂ ဦးသေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေသည်ဟု သိရှိရသည်။

သေဆုံးမှုအများဆုံးဖြစ်ပေါ်ခဲ့သောနေရာမှာ မြောက်ပိုင်း ဂျောင်ဆန်းပြည်နယ်တွင်ဖြစ်ပြီး တောင်များဝန်းရံနေသည့် လူနေအိမ်များအပေါ် မြေပြိုကျမှုကြောင့် ဖြစ်သည်။

အလယ်ပိုင်း ဂိုးဆန်ပြည်နယ်တွင် ဂိုးဆန်ဆည်ကြီး ရေလျှံကျလာမှုကြောင့် ဒေသခံ ၆၄၀၀ ကို ယမန်နေ့က အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။

မြောက်ပိုင်း ချန်ချောင်းပြည်နယ်တွင် ပေပေါင်း ၁၄၀၀ရှိ  ချွန်ဂျု မြေအောက်လှိုဏ်ခေါင်း ရေနစ်မြုပ်သွားရာ မော်တော်ကား ၁၉ စီး ရေနစ်မြုပ် ပိတ်မိနေခဲ့သည့်အတွက်ကြောင့် ကယ်ဆယ်ရေးလုပ်သားများက အပူတပြင်း ကယ်ဆယ်ရေးလုပ်ဆောင်နေရသည်။

ရေနစ်မြုပ်နေသော ဘတ်စ်ကားထဲမှ လူ ၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အလောင်း ၆ လောင်းထပ်မံ တွေ့ရှိခဲ့သည်။ ရေများဆက်လက်တိုးနေပြီး ကားများအတွင်း လူပေါင်းမည်မျှ ပိတ်မိနေသည်ကို မသိနိုင်သေးဟုဆိုသည်။

"လှိုဏ်ခေါင်းထဲကို ရေတွေ စီးဝင်သွားတဲ့အချိန် လှိုဏ်ခေါင်းထဲမှာ ကားတွေအများကြီးပဲ။ ရေကလည်းတက်တာ အရမ်းမြန်တယ်။ ဘာလို့ စောစောစီးစီး လှိုဏ်ခေါင်းကို မပိတ်ရသလဲမသိဘူး" ဟု အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဆိုသည်။

ရုပ်မြင်သံကြားသတင်းများတွင် တွေ့ရှိရသည့် မြင်ကွင်းများအရ အနီးရှိ မြစ်ကမ်းပါးကျိုးကျပြီး ရေများ ရုတ်တရက်လမ်းမပေါ် စီးဝင်လာပြီးနောက် ကားလမ်းလှိုဏ်ခေါင်း တွင်ရောက်သွားပြီး လှိုဏ်ခေါင်းနစ်မြုပ်သွားသည်ကို မြင်တွေ့ရသည်။

ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ တောင်ကိုးရီးယားနိုင်ငံတစ်ဝန်း ပုံမှန်ပြေးဆွဲနေသည့် ရထားလိုင်းများကိုလည်း ရပ်ဆိုင်းထားလိုက်သည်ဟု တောင်ကိုးရီးယားရထားလုပ်ငန်းက ကြေညာခဲ့သည်။(NN-27)

ref: CNA

ဆက်စပ် သတင်းများ