အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြောက်ကိုးရီးယားက တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုးရီးယား နှင့် ဂျပန်တို့က ဒုံးပျံကာကွယ်ရေး ပူးပေါင်း စစ်ရေးလေ့ကျင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 534

မြောက်ကိုးရီးယား​၏ နျူးကလီးယား နှင့် ဒုံးပျံပစ်လွှတ်ခြိမ်းခြောက်နေမှုများကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်၊ တောင်ကိုးရီးယား နှင့် ဂျပန်နိုင်ငံတို့သည် ဒုံးပျံကာကွယ်ရေး ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တောင်ကိုးရီးယားရေတပ်က ပြောကြားလိုက်သည်။

မြောက်ကိုးရီးယားနိုင်ငံက တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုတစ်ခုကို ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်၊ တောင်ကိုးရီးယား၊ ဂျပန် သုံးနိုင်ငံ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။

မြောက်ကိုးရီးယားသည် ၎င်း​၏ နောက်ဆုံးပေါ်  Hwasong-18 တာဝေးပစ် ဒုံးပျံကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းမှ ပစ်ခတ်ပြကာ ရန်သူနိုင်ငံများကို သတိပေးခဲ့သည်။ Hwasong-18 ဒုံးပျံမှာ မြောက်ကိုးရီးယား နျူးကလီယားတပ်ဖွဲ့တွင် အဓိကအရေးပါဆုံး ဒုံးပျံဖြစ်သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က စစ်ရေးလေ့ကျင့်မှုကို တောင်ကိုးရီးယား နှင့် ဂျပန်ကြား နိုင်ငံတကာရေပြင်တွင် ပြုလုပ်ခဲ့ပြီး Aegis ရေဒါစနစ်တပ်ဆင်ထားသည့် သုံးနိုင်ငံစလုံးမှ ဖျက်သင်္ဘောများ ပါဝင်ခဲ့သည်ဟု သိရသည်။

လေ့ကျင့်မှုတွင် မြောက်ကိုးရီးယား​၏ တိုက်ချင်းပစ်ဒုံးပျံကို သုံးနိုင်ငံရေတပ်က ကြိုတင်ထောက်လှမ်းပြီး ပစ်မှတ်ကို တုန့်ပြန်သည့် လေ့ကျင့်မှုလည်းပါဝင်သည်။

" မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးပျံခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ ပူပေါင်းပြီး ထိထိရောက်ရောက် ချက်ခြင်းတုန့်ပြန်နိုင်သလို တောင်ကိုးရီးယားရေတပ်အနေနဲ့လည်း အလျင်အမြန်တုန့်ပြန်နိုင်စွမ်းရှိတယ်ဆိုတာ ပြသခဲ့ပါတယ်" တောင်ကိုးရီးယား ရေတပ်အရာရှိက ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား​၏ တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်၊ ဂျပန် နှင့် တောင်ကိုးရီးယားတို့က ပြင်းထန်စွာ ကန်ကွက်ခဲ့ကြသော်လည်း မြောက်ကိုးရီးယားက မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်အရ လေ့ကျင့်ခြင်းတစ်ခုသာဖြစ်သည်ဟုဆိုသည်။

အမေရိကန် ထောက်လှမ်းရေးလေယာဉ်များက ၎င်းတို့​၏ သီးခြား စီးပွားရေးရေပိုင်နက်ပေါ် ဖြတ်သန်းခဲ့ခြင်း၊ နျူးကလီးယားစွမ်းအင်သုံး အမေရိကန် ခရုစ်ဒုံးပျံတင် ရေငုပ်သင်္ဘောတစ်စီး တောင်ကိုးရီးယားသို့ ရောက်ရှိခဲ့ခြင်း စသည်တို့ကြောင့် မြောက်ကိုးရီးယားသည် ၄င်း​၏ အစွမ်းအထက်ဆုံး Hwasong-18 တိုက်ချင်းပစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ပြလိုက်ခြင်းဖြစ်သည်။
ref:cna

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!