အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပထမဆုံး ပြည်တွင်း၌ တည်ဆောက်ခဲ့သည့် ရေငုပ်သင်္ဘောကို ထိုင်ဝမ်က ထုတ်ဖော်ပြသ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 896

ထိုင်ဝမ်က ပထမဦးဆုံး ပြည်တွင်း၌ တည်ဆောက်ခဲ့သည့် ရေငုပ်သင်္ဘောသစ် တစ်စီးကို စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ဖော်ပြသလိုက်သည်။

အင်အားကြီးမားသော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်ဝမ်က မိမိကိုယ် မိမိကာကွယ်ရေးအတွက် အင်အားမြှင့်တင်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား မိမိပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လွန်ခဲ့သည့်နှစ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှု ပိုမိုပြုလုပ်လာခဲ့သည်။ တရုတ်တိုက်လေယာဉ်များသည် ထိုင်ဝမ်ကျွန်း အနီးသို့ အကြိမ်ကြိမ် ဖြတ်ကျော်ဝင်ရောက်မှုများ ရှိခဲ့သည်။

ထိုင်ဝမ်သည် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် ၂၀၂၄ စစ်အသုံးစရိတ်ကို ဒေါ်လာ ၁၉ ဘီလျံအထိ တိုးမြှင့်လျာထားခဲ့သည်။ အထူးသဖြင့် အဓိကမဟာမိတ်ဖြစ်သော အမေရိကန်ထံမှ လက်နက်ပစ္စည်းများ ဝယ်ယူရန် ဖြစ်သည်။

သို့သော် ထိုင်ဝမ်က အလိုရှိနေသော ရေငုပ်သင်္ဘောကိုမူ အမေရိကန်က ရောင်းချပေးခြင်း မရှိသဖြင့် အခက်တွေ့နေခဲ့သည်။

ပြီးခဲ့သည့် ထိုင်ဝမ်အစိုးရသည် ရေငုပ်သင်္ဘော ရရှိရေးစီမံချက်ကို ကြိုးပမ်းခဲ့သော်လည်း အခက်အခဲ အတားအဆီးများနှင့်သာ ကြုံတွေ့ခဲ့ရပြီး အောင်မြင်မှု မရခဲ့ပေ။ သမ္မတ မာ့ရင်ကျောက် လက်ထက်တွင် လွှတ်တော်၏ ဘတ်ဂျက်ခွင့်ပြုချက်ဖြင့် ရေငုပ်သင်္ဘော စီမံကိန်းကို စတင်အကောင်အထည်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတ ဆိုင်အင်ဝမ် လက်ထက်တွင် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် ရောက်ရှိခဲ့သည်။ ထိုင်ဝမ်က ပထမဆုံး ထုတ်လုပ်လိုက်သည့် ရေငုပ်င်္ဘောကို “ဟိုင်ကွန်” ဟုအမည်ပေးထားပြီး တရုတ်ဘာသာဖြင့် “ဒဏ္ဍာရီ ရေအောက်သတ္တဝါ “ ကို ဆိုလိုသည်။

ရေငုပ်သင်္ဘောသစ် ဖွင့်လှစ်ပြသပွဲအခမ်းအနားကို ထိုင်ဝမ်တောင်ပိုင်း ကော့ရှန်းဆိပ်ကမ်းတွင် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည်။

“ ဒီနေ့ဟာ ထိုင်ဝမ်ရဲ့သမိုင်းမှာ မေ့မရတဲ့နေ့ပါ။ အရင်က ရေငုပ်သင်္ဘောတစ်စီး ပြည်တွင်းမှာ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ကျွန်မတို့ပြည်သူတွေကိုယ်တိုင် ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတစ်စီး ပြည်သူတွေရှေ့ ရောက်ရှိလာခဲ့ပါပြီ” ဟု ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ထိုင်ဝမ်အလံဖုံးအုပ်ထားသည့် ရေငုပ်သင်္ဘောရှေ့ မတ်တပ်ရပ်ရင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေငုပ်သင်္ဘောသစ် ဟိုင်ကွန် သည် ၂၆၂ ပေ ရှည်လျားပြီး တန်ချိန် ၂၅၀၀ မှ ၃၀၀၀ အတွင်းရှိကာ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ လော့ဟိ မာတင်က ရရှိသည့် တိုက်ပွဲဝင်စနစ် နှင့် တော်ပီဒိုများ တပ်ဆင်ထားသည်။

ထိုင်ဝမ်ရေတပ်တွင် လက်ရှိအချိန်ထိ အသုံးပြုနေသော swordfish class ရေငုပ်သင်္ဘောနှစ်စီးရှိပြီး ၁၉၈၀ပြည့်နှစ်က နယ်သာလန်မှ ဝယ်ယူခဲ့သည်။

 NN-27

 ref: CNA

 

ဆက်စပ် သတင်းများ