အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ထိုင်ဝမ်ပင်လယ်ပြင်တွင် ၂၄နာရီအတွင်း တရုတ်စစ်သင်္ဘော ၁၆ စီးကို စံချိန်တင်တွေ့ရှိမှု ရန်စသည့်လုပ်ရပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 847

ထိုင်ဝမ်ပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း တရုတ်စစ်သင်္ဘော ၁၆ စီးကို စံချိန်တင် ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဤအပြုအမူသည် တရုတ်ကွန်မြူနစ်ပါတီ၏ ထိုင်ဝမ်အပေါ် ရန်စမှု လက္ခဏာတစ်ရပ်ဟု ဆိုသည်။

တရုတ်ရေတပ်သည် ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် လေတပ်တိုက်လေယာဉ်များက ထိုင်ဝမ် ရေလက်ကြားတွင် သတ်မှတ်ထားသည့် ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန် (ADIS) အတွင်း ကြားခံနယ် Median line ကို ဖြတ်ကျော် ပျံသန်းခဲ့ကြသည်ဟု ဆိုသည်။

လွန်ခဲ့သည့်အပတ် ၇၂ နာရီအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး လေတပ် လေယာဉ် ၇၃ စင်းက သတ်မှတ်ထားသော ထိုင်ဝမ်လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခဲ့ပြီး ရေတပ်သင်္ဘော ၉ စီး က သုံးရက်ဆက်တိုက် ဖြတ်သန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

သောကြာနေ့ မှ စနေနေ့အထိ ၂၄ နာရီအတွင်း တရုတ်စစ်သင်္ဘော ၁၆ စီး ဆက်တိုက်တွေ့ရှိမှုမှာ ၂၀၂၂ခုနှစ် ဩဂုတ်လက စတင်သည့် တရုတ်စစ်ရေးလှုပ်ရှားမှု စောင့်ကြည့်ရေးမှတ်တမ်းတွင် အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

“ ဒါဟာ စစ်ရေးလှုပ်ရှားမှု တိုးချဲ့လာတာပဲ” ဟု ဟာဝိုင်ယီအခြေစိုက် သုတေသီ ကားလ်ရှပ်စ်တာက ပြောသည်။

“ သူတို့မှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်။ တစ်ခုက တရုတ်ကို ကာကွယ်ဖို့လေ့ကျင့်တာဖြစ်ပြီးတစ်ခုက ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ လေ့ကျင့်ပြင်ဆင်တာဖြစ်တယ်” ဟု သူက ဆိုသည်။

ကားလ်ရှပ်စတာမှာ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်၏ ပူးပေါင်းထောက်လှမ်းရေးဗဟိုဌာန စစ်ဆင်ရေး ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဒီမိုကရေစီကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကျွန်းကို တစ်ကြိမ်တစ်ခါမှ ထိန်းချုပ်ခဲ့ဖူးခြင်း မရှိသော်လည်း ၄င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်လျှင် စစ်ရေးအရ ပြန်လည်သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။

 NN-27

ref: the daily star

ဆက်စပ် သတင်းများ