အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ဗြိတိန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား စကော့တလန်ရှိ ဆစ်ခ်ဘုရားကျောင်းက အဝင်မခံဘဲ နှင်ထုတ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 787

ဗြိတိန်နိုင်ငံ​၏ အိန္ဒိယဆိုင်ရာ မဟာမင်းကြီး ဗစ်ကရမ် ဒိုရိုင်ဆွာမိ သည် သောကြာနေ့က စကော့တလန်ရှိ ဆစ်ခ်ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ရာ ၎င်းအား ဆစ်ခ်အရေး လှုပ်ရှား တက်ကြွသူများက ဘုရားကျောင်းဝင်းထဲသို့ အဝင်မခံဘဲ နှင်ထုတ်ခဲ့သည်ဟု သိရသည်။

အင်စတာဂရမ်တွင် တင်ထားသော အတည်မပြုနိုင်သည့် ဗီဒီယိုဖိုင်တွင် ဂလက်စ်ဂိုရှိ ဂူရူဒွါရာ ဆစ်ခ်ဘုရားကျောင်းရှေ့တွင် အိန္ဒိယသံအမတ်ကြီးအား လူတစ်ဦးက အဝင်မခံဘဲ ရန်တွေ့နေသည်ကို မြင်တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယမီဒီယာများက ဗြိတိန် နိုင်ငံခြားရေးဌာနကို မေးခွန်းထုတ်ထားပြီး The Hindu သတင်းစာက အိန္ဒိယသံအမတ်ကြီးအား ဂူရူဒွါရာဘုရားကျောင်းကော်မတီ​က ဖိတ်ကြားခဲ့သဖြင့် သွားရောက်ခြင်းဖြစ်သော်လည်း လူနှစ်ဦး​၏ တားမြစ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

အိန္ဒိယနှင့် ကနေဒါ နိုင်ငံအကြား ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင် ဟာဒိ ဆင်း နစ်ဂျား လုပ်ကြံ သတ်ဖြတ်ဖြတ်ခံရမှုတွင် အိန္ဒိယအစိုးရပါဝင်ပတ်သက်မှု ရှိနေသည်ဟု ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက စွပ်စွဲခဲ့ပြီးနောက် တင်းမာမှု မြင့်မားလျက်ရှိနေသည်။

ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်ဆောင် နစ်ဂျားသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အိန္ဒိယမှ ထွက်ခွါပြီး ကနေဒါတွင် ဒုက္ခသည်အဖြစ်နေထိုင်လျှက်ရှိသူဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လက ဗြိတိသျှကိုလံဘီယာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဆစ်ခ်ခွဲထွက်ရေးသမားများသည် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ဒေသကို ခါလစ္စတန်နိုင်ငံ (သို့မဟုတ်) လွတ်လပ်သော ဆစ်ခ်နိုင်ငံတော် ထူထောင်ရေး ထောက်ခံအားပေးနေကြသူများဖြစ်သည်။

အိန္ဒိယသည် သတ်ဖြတ်ခံရသူ နစ်ဂျားအား အကြမ်းဖက်သမားတစ်ဦးအဖြစ် ၂၀၂၀ပြည့်နှစ်က သတ်မှတ်ခဲ့ပြီး ကနေဒါ​၏ စွပ်စွဲချက်များ အခြေအမြစ်မရှိဟု တုံ့ပြန်ခဲ့သည်။

ကနေဒါ​၏ စွပ်စွဲချက်ကြောင့် အိန္ဒိယက ကနေဒါပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းများကို ရပ်ဆိုင်းလိုက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကို နိုင်ငံမှ နှင်ထုတ်ခဲ့သလို ကနေဒါကလည်းအိန္ဒိယ သံအမတ်ကို နှင်ထုတ်ခဲ့သည်။

ကနေဒါနိုင်ငံသည် အိန္ဒိယမှ စွန့်ခွါပြောင်းရွှေ့အခြေချလာသည့် ဆစ်ခ်လူမျိုး ၈၀၀၀၀၀ ကို လက်ခံထားသော နိုင်ငံဖြစ်သည်။

သောကြာနေ့က အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ အမ်ရစ်ဆား ရွှေဘုရားကျောင်း အပြင်ဘက်တွင် ရာပေါင်းများစွာသော ဆစ်ခ်အရေးလှုပ်ရှားသူများ စုရုံးဆန္ဒပြကြပြီး နစ်ဂျားအား သတ်ဖြတ်ခဲ့သည့် လူသတ်သမားကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

 

NN-27

Ref:dhakatribune

ဆက်စပ် သတင်းများ