တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အစ္စရေး ခြေလျင်တပ်များ ဂါဇာဒေသတွင်းသို့ ထိုးစစ်ဆင် စတင်ဝင်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 851

 “အခုမှ အစပဲရှိသေးတယ်”ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

အစ္စရေးခြေလျင်တပ်များသည် ဟားမတ်စ်တို့က အစ္စရေးအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသ အတွင်းသို့အောက်တိုဘာ(၁၃)ရက်က ပထမဆုံး ထိုးစစ်ဆင် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်တုန့်ပြန်ရေးမှာ “ ယခုမှ အစပဲ ရှိသေးတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး အစ္စရေးစစ်သား နှင့်အရပ်သား ၁၃၀၀ ကို သတ်ဖြတ်ခဲ့သော ဟားမတ်စ်စစ်သွေးကြွတို့အား အပြီးတိုင် ချေမှုန်းသွားရန် အစ္စရေးတပ်များက သံဓိဌာန် ချထားသည်။

ထိုအချိန်မှစ၍ ပါလက်စ်တိုင်းလူဦးရေ ၂.၃သန်းနေထိုင်သော ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အစ္စရေးတို့ ပိတ်ဆို့ထားလိုက်ပြီး ဆက်တိုက် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ရာ ဂါဇာဘက်ခြမ်းတွင် သေဆုံးသူ ၁၉၀၀ ရှိသွားပြီဟု ဂါဇာအာဏာပိုင်များက ဆိုသည်။

သောကြာနေ့က အစ္စရေးက ဂါဇာမြောက်ပိုင်းတွင် နေထိုင်သော ပါလက်စတိုင်း ၁ သန်းကျော်အား ထိုးစစ် မစတင်မီ တောင်ပိုင်းသို့ ရွှေ့ပြောင်းကြရန် အမိန့်ပေးခဲ့သည်။


ဟားမတ်စ်တို့က နောက်ဆုံးသွေးတစ်စက် ကျန်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့ပြီး ဒေသခံများအား မထွက်ခွါရန် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်အရာရှိ ဒန်နီယယ် ဟာဂါရီက အစ္စရေးတပ်ဖွဲ့ဝင်များသည် တင့်ကားများ နောက်မှခြံရံလျှက် ဟားမတ်စ် ခရုဇ်ဒုံးကျည်စခန်းများကို ချေမှုန်းရန် နှင့် ဓါးစာခံဖမ်းဆီးထားသည့်နေရာများကို ရှာဖွေရန် ထိုးစစ်ဆင် ဝင်ရောက်သွားပြီဟု ဆိုသည်။

“ ကျွန်တော်တို့ဟာ ရန်သူကို မကြုံစဖူးအင်အားနဲ့ တိုက်ခိုက်နေကြပါပြီ။ လိုရင်းပြောရရင် ဒါဟာ အစပဲ ရှိပါသေးတယ်” ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ရုပ်သံမှတဆင့် အစ္စရေးပြည်သူများကို မိန့်ခွန်းပြောကြားခဲ့သည်။

ထောင်ပေါင်းများစွားသော ဂါဇာဒေသခံများသည် ဂါဇာကမ်းမြောင် မြောက်ပိုင်းမှ တောင်ပိုင်းသို့ဦးတည်လျှက် လမ်းမပေါ်သို့ ရောက်ရှိလာသည်ကို မြင်တွေ့ကြရသည်။ အရေအတွက် မည်မျှရှိမည်ကို မခန့်မှန်းနိုင်ဟုဆိုသည်။ အချို့က ထွက်ခွာရန် ငြင်းဆန်နေကြသည်။

“ ဒီနေရာက ထွက်သွားတာထက် သေသွားတာကမှ ပိုကောင်းဦးမယ်” ဟု မိုဟာမက်ဆိုသူ အသက် ၂၀ အရွယ်လူငယ်လေးက ဂါဇာမြို့လယ်ရှိ အစ္စရေးဗုံးဒဏ်ကြောင့် ပြိုကျနေသော အဆောက်အဦးအနီးတွင် ရပ်လျှက် ပြောကြားခဲသည်။

ဗလီများထဲကလည်း “ ကိုယ့်အိမ်မှာပဲ ဆက်နေကြပါ။ ကိုယ့်မြေမှာပဲ ဆက်နေကြပါ” ဟု တိုက်တွန်းကြေညာနေသည်။

ဂါဇာအာဏာပိုင်များက အစ္စရေးစစ်တပ်က တောင်ပိုင်းသို့ ပြောင်းရွှေ့နေသော ပါလက်စတိုင်း မော်တော်ယာဉ်တစ်စီးအား ပစ်ခတ်ခဲ့သဖြင့် လူပေါင်း ၇၀ သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရသည်ဟု ဆိုသည်။

 

NN-27

ref:CNA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!