တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဗီယက်နမ်သမ္မတ ဗိုဗန်သောင်း ရာထူးမှနှုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 561

နွေနေ/နိရဉ္စရာ၊ မတ် ၂၂/၂၀၂၄ (နိုင်ငံတကာ)

ဗီယက်နမ်သမ္မတ ဗိုဗန်သောင်း၏ သမ္မတရာထူးမှ နှုတ်ထွက်မှုကို ကြာသပတေးနေ့က ဗီယက်နမ် လွှတ်တော်က အတည်ပြုလိုက်သည်။

ကွန်မြူနစ်ပါတီကလည်း သမ္မတ ဗိုဗန်သောင်း နှုတ်ထွက်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၅၃ နှစ်သာရှိသေးသော ဗီယက်နမ်သမ္မတ ဗိုဗန်သောင်းသည် အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ်သော ဥပဒေချိုးဖောက်မှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များရှိသည့်အတွက် ရာထူးမှ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ကွန်မြူနစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်တွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေစဉ် ပြီးခဲ့သည့်ရက်များက သမ္မတဗိုဗန်သောင်း နှုတ်ထွက်တော့မည့် ကောလဟလများလည်း ထွက်ပေါ်နေခဲ့သည်။

ဗိုဗန်သောင်းအား ဗီယက်နမ်အမျိုးသားလွှတ်တော်က ဆန္ဒမဲပေးထုတ်ပယ်လိုက်ပြီဟု နိုင်ငံပိုင် တွိုင်ထရီ သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် တည်ငြိမ်မှုနှင့် စနစ်တကျနိုင်ငံရေးအပြောင်းအလဲ လုပ်တတ်သည့်နိုင်ငံအဖြစ် ကာလအတန်ကြာ ချီးကျူးခံလာခဲ့ရသော်လည်း မကြာမီက ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖုထရောင်၏ ဦးဆောင်မှုဖြင့် အကျင့်ပျက်ခြစားမှုများကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းလာပြီးနောက် အဆိုပါအခြေအနေများ အဆုံးသတ်သွားခဲ့သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း သမ္မတ ငုယင် ဇွမ်ဖု ကို ထုတ်ပယ်ခဲ့ရာ တစ်နှစ်ကျော်ကာလအတွင်း သမ္မတနှစ်ဦး ပြောင်းလဲသွားခဲ့သည်။

ယခုအခါ ဗီယက်နမ်၏ ထိပ်တန်းစီးပွါးရေးလုပ်ငန်းရှင်အချို့သည် မသမာမှု၊ အကျင့်ပျက် ခြစားမှုများဖြင့် တရားစွဲဆို စစ်ဆေးခံနေရပြီး အဆိုပါအမှုများအနက် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စာချုပ်လိမ်လည်မှုတစ်ခုမှာ သေဒဏ်ကျခံရဖွယ်အထိ ရှိနေသည်။

အဖွဲ့ဝင် ၁၈ ဦးရှိသည့် ဗီယက်နမ်ပေါ်လစ်ဗြူရိုအဖွဲ့သည် ၂၀၂၁ခုနှစ်မှစ၍ အဖွဲ့ဝင် လေးဦး(သမ္မတ နှစ်ဦး၊ ဒု-ဝန်ကြီးချုပ်တစ်ဦး၊ ကုန်သွယ်ရေးဝန်ကြီးဟောင်းတစ်ဦး) ဆုံးရှုံးသွားပြီဟု သိရသည်။

ref: CAN

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!