တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းခရီးသွားလုပ်ငန်းများတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားခန့်ထားမှု များပြားနေဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 379

နွေနေ၊ နိရဉ္စရာ- မတ် ၂၅/၂၀၂၄ (နိုင်ငံတကာ)

ထိုင်းနိုင်ငံ​၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် တရားမဝင် နိုင်ငံခြားသားအလုပ်ခန့်ထားမှုများ များပြားလျှက်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားလိုက်သည်။

အလုပ်သမားဝန်ကြီး ဖိဖတ် ရတ်ချာကစ်ပရာကန် က ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် လွန်ခဲ့သည့်နှစ်အတွင်း အခြေအနေများကို လေ့လာစူးစမ်းကြည့်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၄၂၄ ခန့်ထားမှုရှိခဲ့ပြီး အများဆုံးမှာ ထင်ရှားကျော်ကြားသော ခရီးသွားလုပ်ငန်းဒေသများဖြစ်သည်ဟု ဆိုသည်။

တရားမဝင်နိုင်ငံခြားအလုပ်သမားခန့်ထားမှုများသည် တစ်နှစ်ပြီးတစ်နှစ်တိုးပွားလာနေရာ ၂၀၂၂ခုနှစ်က တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၃၅၂၅၈ဦးသာ ရှိခဲ့ရာမှ ၂၀၂၃ တွင် ၄၂၅၂၀ဦး ရှိလာသည်ဟု အလုပ်အကိုင်နေရာချထားရေးဌာန​၏ စာရင်းအရ သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာဖိဖတ်က နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းလူမျိုးများ အတွက်သာ သတ်မှတ်ထားသည့် ဧည့်လမ်းညွှန် နှင့် ဆံသလုပ်ငန်းတို့ကို ဝင်ရောက်လုပ်ကိုင်မှုများ ရှိနေသည်ဟု ဆိုသည်။

ထိုင်းအစိုးရသည် ထိုင်းလူမျိုးများအတွက်သာ သတ်မှတ်ထားသည့် အဆိုပါအလုပ်အကိုင်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူ ၅၀၅ဦးကို တရားစွဲဆိုခဲ့ပြီး အများစုမှာ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားတို့မှဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားအများစု လုပ်ကိုင်ကြသည့် လုပ်ငန်းများမှာ စတိုးဆိုင်ဝန်ထမ်း၊ လမ်းဘေးဈေးသည်၊ ဆောက်လုပ်ရေးလုပ်သား နှင့် ဆံပင်ညှပ်လုပ်ငန်းများ ဖြစ်သည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေးဝန်ကြီးဌာနများမှ အာဏာပိုင်များနှင့် ပူးပေါင်းပြီး နိုင်ငံခြားသားများအမည်ခံလုပ်ကိုင်နေသည့် လုပ်ငန်းများကို ရှာဖွေဖော်ထုတ်လျှက်ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်နယ်အားလုံးတွင် လုပ်ကိုင်နေသည့် တရားမဝင် န်ုင်ငံခြားအလုပ်သမား ၄၂၅၂၀ ဦးအနက် ၁၆၄၂ ဦးကို အရေးယူနိုင်ခဲ့သည်ဟု သိရသည်။ ref:Bangkok Post

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!