ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

ဟာရီကိန်းမုန်တိုင်း မီလ်တန် ကြောင့် ဖလော်ရီဒါ တွင် အနည်းဆုံးလူ (၁၆) ဦး သေဆုံးခဲ့ ရပြီး ဒေါ်လာ ၅၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 513

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၄

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မီလ်တန် ကြောင့် ဖလော်ရီဒါ တွင် အနည်းဆုံးလူ (၁၆) ဦး သေဆုံးခဲ့ ရပြီး ဒေါ်လာ ၅၀ ဘီလီယံ ခန့် ဆုံးရှုံးခဲ့ ရကြောင်း The Guardian သတင်းဖော်ပြချက်အရသိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့က လူပေါင်း (၂၃၀)ထက်မနည်း သေဆုံးခဲ့ရသည့် ဟာရီကိန်းဟယ်လင် တိုက်ခတ်ပြီးနောက် ဒုတိယအကြိမ် မီလ်တန်မုန်တိုင်းကြောင့် ယခုလို လူများထပ်မံသေဆုံးပြီး ဆုံးရှုံးမှုများခဲ့ရသည်ဟု ဆိုသည်။

အောက်တိုဘာ(၉)ရက်နှောင်းပိုင်းက အင်အားပြင်းဟာရီကိန်း မုန်တိုင်းမီလ်တန်သည် အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ (၅၀) ဘီလီယံ အထိကြီးမားခဲ့ သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့ (အောက်တိုဘာ(၉)ရက်)တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ (၁၃)ရက်တွင် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဖလော်ရီဒါသို့ သွားရောက်မည် ဖြစ်သည်။


မုန်တိုင်းသည်ကန ဦး မျှော်မှန်းထားသည့်ထက်ပိုမိုမြန်ဆန်စွာ၀င်ရောက်ခဲ့ပြီး ဖလော်ရီဒါ အလယ်ပိုင်းရှိ လူသန်းပေါင်းများစွာသည် အောက်တိုဘာ(၁၂)ရက်နေ့အထိ တုန်လှုပ်လျက်ရှိနေကြသည်။

Tampa Bay Times သတင်း ဖော်ပြချက်အရ ဟာရီကိန်း မုန်တိုင်း မီလ်တန် ကြောင့်အနည်းဆုံးလူ (၁၆) ဦး သေဆုံးခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖို့ရှိကြောင်းသိရသည်။

ပြင်းအား အဆင့် (၃)ရှိသည့် အားကောင်းသည့်ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဒါဇင်နှင့်ချီသည့် လေဆင်နှာမောင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရပြီး ခန့်မှန်းခြေ အိမ်ခြေ ၁၅၀ လောက် ပျက်စီးခဲ့ရသည်။

လူ (၃.၃) သန်းကျော်သည်လည်း လျှပ်စစ်မီးများမရရှိတော့ဘဲဓါတ်အားများ ပြတ်တောက်ခဲ့ရသည်။ (၆) ပေအမြင့် ရှိသည့် လှိုင်းလုံးကြီးများက အတားအဆီးများချထားသည့် ကျွန်းများကို ဖြတ်ကျော်ခဲ့သည်။

ဘေ့စ်ဘောအားကစားရုံ အမိုးလန်ကာပျက်ဆီးခဲ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ၀န်ချီစက် ကရိန်းကြီးများ ပြုတ်ကျခဲ့ရသည်။

ဖလော်ရီဒါပြည်နယ် အနောက်မြောက်ပိုင်းကို ဟာရီကိန်းဟယ်လင် ဝင်ရောက်တိုက်ခတ်ပြီး နှစ်ပတ်ခန့် အကြာတွင် ဟာရီကိန်းမီလ်တန်သည် ကုန်းတွင်းပိုင်းမုန်တိုင်း အဖြစ် ဖလော်ရီဒါပြည်နယ် ကို ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်က  ဟာရီကိန်းမုန်တိုင်း ဟယ်လင် သည် ဖလော်ရီဒါ ပြည်နယ်၊ ဘစ်ဘန်း ဒေသကို ပြီးခဲ့သည့် လေတိုက်နှုန်း တစ်နာရီလျှင် (၁၄၀) မိုင်နှုန်းဖြင့်ဝင်ရောက်ခဲ့ပြီးနောက် ၊ ဂျောဂျီယာ, တောင် ကာရိုလိုင်းနား ၊ မြောက်ကာရိုလိုင်းနား နှင့် Tennessee ပြည်နယ်များကို ဖြတ်ကျော်၀င်ရောက် တိုက်ခတ်ခဲ့သည်။

ဟာရီကိန်းဟယ်လင် ကြောင့် လူပေါင်း (၂၃၀)ထက်မနည်း သေဆုံးခဲ့ရပြီးယင်းသည် ၂၀၀၅ ခုနှစ်တွင် ဟာရီကိန်း ကက်ထရီနာ နယူးအော်ရီလန်းကို ဝင်တိုက်ပြီးနောက် အမြင့်မားဆုံး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် စေခဲ့သည်။ Source/The Guardian and Photo-KOB 4

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!