အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

အမ်းတိုက်ပွဲတွင် AAနှင့်အတူတိုက်ပွဲဝင်သည့် ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်တစ်ဦးကျဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

သဉ္ဇာနွယ်၊နိရဉ္စရာ၊အောက်တိုဘာ ၂၁/ ၂၀၂၄

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တိုက်ပွဲတွင် အာရက္ခတပ်တော်နှင့် အတူတိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များအထဲမှ ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရဲဘော်တစ်ဦး ကျ‌ဆုံးခဲ့ကြောင်း (SAF)မှ ထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုတိုက်ခိုက်ခဲ့သည့် ယမန်နေ့ အောက်တိုဘာ ၂၀ ရက်၊ ညနေ ၅ နာရီခန့်တွင် ရဲဘော် 586 ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မဟာမိတ်ရဲဘော်များနှင့်အတူ ရဲဝံ့စွာ တွန်းလှန်တိုက်ခိုက်၍ ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးလှူ ကျဆုံးခဲ့သည့်အတွက် တပ်တော်အနေဖြင့် များစွာဝမ်းနည်းကြေကွဲရကြောင်း (SAF) ကျောင်းသား လက်ရုံးတပ်တော်မှ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF)သည် တောင်လှန်ရေးဆုံးခန့်တိုင်အောင် ဆက်တိုက်၍ နိုင်ငံတော်သစ်ကို တည်ဆောက်မည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် SAF သည် AA နှင့်အတူ အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး AA ကလည်း မကွေးနှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များကို စစ်ရေးအကူအညီပေးထားကြောင်း သိရသည်။

နပခဌာနချုပ်၏ အစွန်အဖျားတပ်စခန်းအချို့ကို ယခုရက်ပိုင်းအေအေမှ ထိုးစစ်ဆင် သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သဖြင့် စစ်ကောင်စီက လေကြောင်းကနေ နပခဌာနချုပ်၏အနီးပတ်ဝန်းကျင်ကို တစ်နေ့ကို အကြိမ်ရေ ၃၀ ထက်မနည်း လေယာဉ်များဖြင့် လာရောက် ဗုံးကြဲနေသည်ဟု ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ